ရန်ကုန် ၂၇ ဇွန်
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ Melia ဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း၊ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးနှင့် ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီ (၈၁)ပါတီမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ကော်မရှင်အနေဖြင့် တတိယအကြိမ် လွှတ်တော်သက်တမ်းအတွက် အထွေထွေရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ် နှောင်းပိုင်းတွင် ကျင်းပပေးမည် ဖြစ်ပါကြောင်း၊ ယနေ့အချိန်ကာလသည် ကမ္ဘာတစ်ဝန်း ကိုဗစ် − ၁၉ ရောဂါ ဖြစ်ပွားလျက်ရှိပြီး မြန်မာနိုင်ငံတွင်လည်း ကိုဗစ် − ၁၉ ရောဂါ ကူးစက်ခံရခြင်းမှ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အားလုံးဝိုင်းဝန်းကြိုးစားနေသည့်အချိန် ဖြစ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို လက်ရှိဖြစ်ပေါ်နေသည့် ကိုဗစ် − ၁၉ ရောဂါ ထိန်းချုပ်နိုင်မှုအပေါ် မူတည်ပြီး သတ်မှတ်ကြေညာပေးသွားမည် ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များအရ သက်ဆိုင်ရာလွှတ်တော်အလိုက် မဲဆန္ဒနယ်များ သတ်မှတ်ကြေညာပြီးသည်နှင့် ရွေးကောက်ပွဲကျင်းပမည့်ရက်ကို သတ်မှတ်ကြေညာပေးမည် ဖြစ်ပါကြောင်း၊ ယနေ့အထိ နိုင်ငံရေးပါတီ (၉၇)ပါတီရှိပြီဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင် ကြမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံနိုင်ရေးကို အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံရေးပါတီများအနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံသည့်အခါမှသာ စုပြုံတင်ပြနေရခြင်းမျိုးထက် ပါတီများက တင်ပြလိုသည်များကို အချိန်နှင့်တစ်ပြေးညီတင်ပြနိုင်စေရန် ရည်ရွယ်၍ တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးတွင် နိုင်ငံရေးပါတီများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိ ပုဂ္ဂိုလ်များပါဝင်သည့် တွေ့ဆုံပွဲများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများနှင့်တွေ့ဆုံရန် စီမံဆောင်ရွက်နေဆဲအချိန်တွင် နိုင်ငံရေးပါတီ(၃၀)ပါဝင်သော အစုအဖွဲ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ မေးခွန်း(၁၂)ခု မေးမြန်းလာခဲ့ပါကြောင်း၊ ထိုမေးမြန်းချက်များနှင့်စပ်လျဉ်း၍ ပါတီ(၃၀)သာမက ကျန်သော နိုင်ငံရေးပါတီများလည်း သိသင့်သိထိုက်သော အချက်များဖြစ်သည့်အတွက် ယခုကဲ့သို့သော တွေ့ဆုံပွဲတွင် ချပြဆွေးနွေးပေးသွားမည်ဖြစ်ပါကြောင်း၊ ယခုတွေ့ဆုံပွဲသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ရွေးကောက်ပွဲအကြိုကာလ အစီအစဉ်တစ်ရပ်အနေဖြင့် မူလစီစဉ်ထားသည့်အတိုင်း ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မိမိတို့ဆောင်ရွက်ရသည့် ရွေးကောက်ပွဲများကို ယခင်ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲများထက် ပိုမိုကောင်းမွန်အောင် ရည်ရွယ်ဆောင်ရွက်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို စံ(၅)ချက်ဖြင့် ကျင်းပမည်ဖြစ်သည်ကိုလည်း အားလုံးသို့အသိပေး ထုတ်ပြန်ထားပြီးဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲတစ်ကြိမ်ထက်တစ်ကြိမ် ပိုမိုကောင်းမွန်စေအောင် ရည်ရွယ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တက်ရောက်လာကြသည့် နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲတွင် တူညီသော အခွင့်အရေးများရရှိစေရန် တည်ဆဲဥပဒေ/ နည်းဥပဒေများနှင့်အညီ သမာသမတ်ကျကျ ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ နိုင်ငံရေးပါတီများ အနေဖြင့်လည်း အများပြည်သူတို့က ပါတီအပေါ်တွင် ယုံကြည်မှုရှိ၍ မိမိတို့ပါတီမှ ကိုယ်စားလှယ်များ ရွေးချယ်ခြင်းခံရသည့် နိုင်ငံရေးပါတီတစ်ခုအဖြစ် မှတ်ကျောက်တင်ခံနိုင်အောင် ကြိုးစားပေးကြရန် မေတ္တာရပ်ခံလိုပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို လွတ်လပ်တရားမျှတ၍ ပွင့်လင်းမြင်သာမှုရှိပြီး အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲဖြစ်စေ၍ ရွေးကောက်ပွဲရလဒ်နှင့် ပြည်သူ့ဆန္ဒ တစ်ထပ်တည်းကျစေရန်ဆိုသည့် စံများနှင့်အညီ စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပါအဝင် နိုင်ငံရေးပါတီ(၃၀)တို့က ပေးပို့မေးမြန်းထားသည့် ရွေးကောက်ပွဲဆိုင်ရာ မေးခွန်း(၁၂)ချက်နှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြိုဆိုပါကြောင်းနှင့် မေးမြန်းချက်များအား တက်ရောက်လာသည့် နိုင်ငံရေးပါတီများလည်း သိရှိနိုင်စေရန်အတွက် ရှင်းလင်းဆွေးနွေးဖြေကြားခဲ့သည်။
ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် နိုင်ငံရေးပါတီများ၏ အကြံပြုတင်ပြချက်များနှင့် မေးမြန်းချက်များအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။
ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


