၂၈ ဇွန်
မြန်မာနိုင်ငံသည် ရုပ်ဝတ္ထုပိုင်းဆိုင်ရာတွင် ကြွယ်ဝချမ်းသာသည့် နိုင်ငံမဟုတ်ပါ။ သို့သော် မင်္ဂလာတရား၊ လောကကျင့်ဝတ်၊ ယဉ်ကျေးမှုနှင့်အညီ ကျင့်ကြံနေထိုင်လုပ်ကိုင်လျက်ရှိသောကြောင့် စိတ်ပိုင်းဆိုင်ရာပိုင်း၌ ကြွယ်ဝသည်ဟု ဆိုရမည်ဖြစ်သည်။ သိင်္ဂါလောဝါဒခေါ် လူတို့၏ကျင့်ဝတ်များ၊ (၃၈)ဖြာ မင်္ဂလာတရားများ၊ သင်္ဂဟတရားများ၊ ဗြဟ္မစိုရ်တရားများနှင့်အညီ လုပ်ကိုင်ကျင့်သုံးကြသဖြင့် ကောင်းကျိုးချမ်းသာများ ဖြစ်ထွန်းနေပါသည်။
မျက်မှောက်ကာလ လူ့ဘောင်လောကတွင် ကျင့်သုံးအပ်သော တရားများ၊ လူမှုကျင့်ဝတ်များနှင့် အညီ လိုက်နာဆောင်ရွက်လျက်ရှိရာ အကူအညီလိုအပ်သူ၊ အားနည်းနေသူ ပြည်သူတို့အား ထောက်ပံ့ကူညီပေးလျက်ရှိသည်။ ကိုဗစ်-၁၉ ရောဂါ ကမ္ဘာတစ်ဝန်း ဖြစ်ပွားနေသောကာလ၌ အများ ပြည်သူတို့ အခက်အခဲအမျိုးမျိုး ကျရောက်နေသဖြင့် တစ်နိုင်ငံလုံးလွှမ်းခြုံကာ ကာကွယ်စောင့်ရှောက်၊ ထောက်ပံ့ကူညီမှုများကို နိုင်ငံတော်အစိုးရက စဉ်ဆက်မပြတ် ပြုလုပ်ပေးလျက်ရှိသည့်အပြင် အခက်အခဲရှိသော ပြည်သူ များကိုလည်း ကဏ္ဍအလိုက် ထောက်ပံ့ပေးလျက်ရှိသည်။
မြန်မာနိုင်ငံတွင် လူမှုကာကွယ်စောင့်ရှောက်ရေးကဏ္ဍနှင့်ပတ်သက် ပြီး လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့် မဟာဗျူဟာစီမံ ချက်အား ရေးဆွဲပြီး ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် အတည်ပြုထုတ်ပြန်ခဲ့သည်။ အားလုံးအကျုံးဝင်မှု၊ လူမှုဘဝတစ်လျှောက်လုံး လွှမ်းခြုံနိုင်မှု စနစ် - တည်ဆောက်ခြင်း စသည့်အခြေခံမူ သုံးရပ်ကို စီမံချက်တွင် ထည့်သွင်း ရေးဆွဲထားသည်။ ထိုအစီအမံများသည် မင်္ဂလာတရားတော်၊ လူ့ဘောင်လောက လူမှုကျင့်ဝတ်များနှင့်အညီ ဆောင်ရွက်ခြင်း မည်ပါပေသည်။
အဆိုပါစီမံချက်တွင် အဓိကလုပ်ငန်းစဉ် ရှစ်ခုပါဝင်ပြီး ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်နှစ်နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့သည့် အစီအစဉ်၊ လူမှုရေးပင်စင်ထောက်ပံ့သည့် အစီအစဉ်များ ပါဝင်သည့်အပြင် ဘက်စုံလူမှုကာကွယ် စောင့်ရှောက်ရေး ဝန်ဆောင်မှုများကိုလည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပုံမှန်ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် ရင်ခွင်မဲ့ကလေးငယ်များ၊ လမ်းမပေါ်မှ လေလွင့်ကလေးငယ်များ၊ မသန်စွမ်းသူများအား ငွေကြေးထောက်ပံ့ပေးသည့်အစီအစဉ်၊ လူမှုအားမာန်အဖွဲ့များအား ငွေကြေးထောက်ပံ့ရေး အစီအစဉ်များ ပါဝင်ပါသည်။
ထိုအစီအစဉ်များတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်နှစ်နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့သည့် အစီအစဉ်သည် ပထမဆုံးစတင်ဆောင်ရွက်သည့် ထူးခြားသော အစီ အစဉ်ဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တွင် စတင်ဆောင် ရွက်နေပြီဖြစ်သည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တတိယသုံးလပတ်၊ စတုတ္ထသုံးလပတ် တို့အတွက် ထောက်ပံ့ကြေး နှစ်ကြိမ်ကိုပေါင်းပြီး ယခုနှစ် သြဂုတ်လအတွင်း တစ်ဦးလျှင် တစ်လငွေကျပ် ၁၅၀၀၀ နှုန်း စတင် ထောက်ပံ့ပေးသွားမည်ဖြစ်သည်။
လူမှုဘဝနယ်ပယ်တွင် မိခင်နှင့်ကလေးများသည် နိုင်ငံအတွက် အလွန်အရေးကြီးသည့် အသိုက်အမြုံများဖြစ်သည်။ လူ့ဘဝအစ ရက် ၁၀၀၀ အတွင်း အာဟာရနှင့် ကျန်းမာရေးဆိုင်ရာလိုအပ်ချက်များ ပြည့်မီရန် လိုအပ်သည်။ ကလေးသူငယ်များ၏ ဦးနှောက်နှင့်ခန္ဓာကိုယ် ကောင်းစွာ ဖွံ့ဖြိုးတိုးတက်ဖို့လိုအပ်ပါသည်။ ယင်းကို ရည်ရွယ်၍ ကျန်းမာသန်စွမ်းပြီး ဉာဏ်ရည်ပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရန် ဆောင်ရွက်ခြင်းဖြစ်သည်။ ဆင်းရဲနွမ်းပါးမှုများ ရှိနေဆဲဖြစ်သော မြန်မာ နိုင်ငံတွင် ကိုယ်ဝန်ဆောင်နှင့်မိခင်များ၊ ၎င်းတို့၏ကလေးငယ်များ ကျန်းမာ သန်စွမ်း၍ အာဟာရပြည့်ဝရန် လိုအပ်ချက်များရှိနေသည်။
အနာဂတ်တွင် နိုင်ငံအတွက် အားထားရမည့် ကလေးငယ်များ ရှင်သန်ဖွံ့ဖြိုးရေးမှာ အရေးကြီးသောအချက်ဖြစ်ပြီး ယင်းအချက်ကို လူမှုကာကွယ်စောင့်ရှောက်ရေးကဏ္ဍဖွင့်လှစ်၍ ဆောင်ရွက်ပေးခြင်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်လာရေးအတွက် ရင်းနှီးမြှုပ်နှံပေးခြင်းလည်း ဖြစ်သည်။ တရားတော်အရ ဒုက္ခရောက်သူကို ကူညီစောင့်ရှောက်ပေးခြင်း၊ လိုနေသူကို ဖြည့်ဆည်းပေးခြင်းဖြစ်၍ မင်္ဂလာတရားနှင့်အညီ လူသားကောင်းကျိုးကို ဆောင်ရွက်ပေးရာရောက်ပေသည်။ ယင်းကို ကမ္ဘာ့ဘဏ်၏ အထောက်အပံ့နှင့် နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေတို့မှ မျှဝေကျခံပေးခြင်း ဖြစ်ပြီး ပြည်သူများကလည်း ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးသင့်ပေသည်။
သို့ဖြစ်ရာ နိုင်ငံတော်အစိုးရ၏ စီစဉ်ဆောင်ရွက်မှုဖြင့် လူမှုဘဝ လိုအပ်ချက်အမျိုးမျိုးတို့ကို ဖြည့်ဆည်းကူညီ ဆောင်ရွက်ပေးမှုများသည် သိင်္ဂါလောဝါဒ ခေါ်လူတို့၏ကျင့်ဝတ်များ၊ (၃၈)ဖြာမင်္ဂလာတရားတော်များ၊ သင်္ဂဟတရားများ၊ ဗြဟ္မစိုရ်တရားများနှင့်အညီ လုပ်ကိုင်ကျင့်သုံးဆောင်ရွက် ခြင်းဖြစ်၍ မြန်မာနိုင်ငံသည် ကောင်းကျိုးချမ်းသာများ ဖွံ့ဖြိုးဝေဆာ လာမည်ဟု ယုံကြည်ပါသည်။ ။
ကြေးမုံ