၂၈ ဇွန်

 

ဒီမိုကရေစီ စတင်ပွင့်လင်းလာပြီး တိုင်းပြည်ပြန်လည်ထူထောင်ရန် ကြိုးပမ်းရေးဟူသည်က ရေရှည်ခရီးဖြစ်သည်။ ရေရှည်ချီတက်ရမည့် ခရီးဖြစ်သည့်အတွက် ဒီမိုကရေစီရေး ယုံကြည်ချက်ကို မြဲမြဲကိုင်စွဲထားရန်လိုမည်။ ဒီမိုကရေစီအင်အားစုများကြား စည်းလုံးညီညွတ်ကြရန်လည်းလိုမည်။ မအောင်မြင်မှုများ၊ အခက်အခဲများ၊ အတားအဆီးအကျပ်အတည်းများ၊ သွေးဆောင် ဖြားယောင်းမှုများကို တည်တည်ငြိမ်ငြိမ်ဖြင့်၊ စိတ်ဓာတ် မပျက် မပြင်းဖြင့်၊ သက်လုံကောင်းကောင်းဖြင့် လျှောက်လှမ်းကြရန် လိုမည်။

 

အထူးသဖြင့် အရွယ်ရောက် ရင့်ကျက်နေသော တိုင်းပြည်တာဝန်ကို နေရာမျိုးစုံက နည်းမျိုးစုံဖြင့် ထမ်းရွက်ခွင့်ရနေကြသည့် သက်ကြီးမျိုးဆက်က လူငယ်မျိုးဆက်သစ်များကို အားကိုးအားထားပြုကြရန်လိုမည်။

 

အများအားဖြင့် လူတို့သည် အစဉ်အလာကို ကိုင်စွဲထားမိ တတ်ကြသည်သာတည်း။ အစဉ်အလာကို လွန်လွန်မင်းမင်း ဆုပ်ကိုင်ထားမိသည့်အခါမျိုးတွင် လူငယ်တို့ကို တာဝန်လွှဲပေးရန် မဝံ့မရဲဖြစ်တတ်ကြ၏။ ကိုယ်မှမလုပ်လျှင် အခြားသူ မလုပ်နိုင်ဟု တွေးထင်ယူဆမိသည်တို့ကလည်း မျိုးဆက်ချင်း လက်ဆင့်ကမ်းခြင်းကို အဟန့်အတားဖြစ်စေတတ်၏။

 

လူငယ်မျိုးဆက်သစ်များကို နေရာပေးတာဝန်ယူစေခြင်းဖြင့် လက်တွေ့လုပ်ငန်းများကို အလေ့အကျင့်ရစေရန် စီမံပေးရန်လည်း လိုပါမည်။ တာဝန်များကို ယူရဲအောင်၊ စဉ်းစားတွေးတော ရဲအောင်၊ ဆုံးဖြတ်အကောင်အထည်ဖော်ရဲအောင်၊ မိမိ၏လုပ်ဆောင်မှုပေါ် တာဝန်ခံရဲအောင် စသည်ဖြင့်တဖြည်းဖြည်းချင်း အလေ့အကျင့်ပြု ဖော်ဆောင်နိုင်မည့်ကွင်းများ၊ နယ်ပယ်များကို ဖန်တီးပေးရန် လိုပါလိမ့်မည်။

 

ထို့ပြင် ကိုယ်ကျင့်ကောင်းသူများကို ပြုစုပျိုးထောင်သည်။ ဝီရိယကြီးသူ၊ ဉာဏ်ကြီးသူများဖြစ်အောင် လေ့ကျင့်သင်ကြား ပေးသည်၊ တာဝန်ယူတတ်၊ တာဝန်ခံတတ်အောင် တာဝန်လွှဲအပ် နေရာပေးသည် ဆိုခြင်းတို့မှာ လူကြီးဖြစ်သူက ပေးလိုက်ခြင်း သက်သက်မျှမကဘဲ ကိုယ်တိုင်ကျင့်ကြံ ဆောင်ရွက်ခြင်းက အရေးပါပါသည်။ လူကြီးတို့က မကျင့်ကြံဘဲလူငယ်မျိုးဆက်ကို ကျင့်ကြံခိုင်းဖို့ မဖြစ်နိုင်ပါ။ ကိုယ်ကျင့်သီလနှင့် သတ္တိကောင်းမှု၊ ပညာဉာဏ်ကြီးမြင့်မှု၊ ရင့်ကျက်သဘောထားကြီးမှု၊ အမြော် အမြင်ကြီးမှု၊ ဝီရိယစိုက်ထုတ်မှု၊ အမှန်တရားပေါ် သစ္စာစောင့်သိရိုသေမှု၊ လူမျိုးဘာသာ အသားအရောင်နှင့် လိင်မခွဲခြားဘဲ တန်းတူညီမျှ ဆက်ဆံအလေးထားမှု၊ စည်းကမ်းဥပဒေ တို့ကို လိုက်နာသေဝပ်မှု စသည်တို့ကို ကိုယ်တိုင်ကျင့်ကြံဆောက်တည်ခြင်းဖြင့် လူမှုအသိုက်အဝန်း၏ တိုးတက်ဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းသာယာရေးတို့ကို တည်ဆောက်ကြရမည်သာ။

 

မျိုးဆက်ချင်း အမွေကူးဆက်သည်ဆိုရာတွင် ရှေ့မျိုးဆက်က နောက်မျိုးဆက်ကို ဒါကောင်းတယ် ဒါလုပ်ဟု ဆိုရုံဖြင့်မရ။ ကိုယ်တိုင်က အတုယူစရာ စံပြုစရာ ဖြစ်ဖို့လိုမည်။ ရှေ့မျိုးဆက်က မျိုးဆက်သစ်များကို ပခုံးပြောင်း တာဝန်များ လွှဲပြောင်းပေးအပ် ခြင်းတို့နှင့်အတူ၊ ကိုယ်တိုင်ကလည်း အများအတွက် နိုင်ငံအတွက်၊ အနာဂတ်အတွက် လောကလူ့ရွာ လူ့ကမ္ဘာအတွက် ပျိုးထောင် စိုက်ပျိုးမှုများ၊ ကိုယ်တိုင်ဆေးခြယ် အလှဆင်မှုများ၊ ကိုယ်တိုင်ကျင့်ကြံ စောင့်ထိန်းမှုများဖြင့်သာ လူငယ် မျိုးဆက်သစ်တို့အတွက် နမူနာကောင်းများကို အမွေကောင်းများပေးရန် ဖြစ်မည်တည်း။ ။

 

မြန်မာ့အလင်း