မန္တလေး ၂၈ ဇွန်
ဗြိတိန်နိုင်ငံအခြေစိုက် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခုက မြန်မာနိုင်ငံတွင် အမျိုးအစားကောင်းမွန်သော နွားမွေးမြူခြင်းနှင့် ထိုမှ နို့နှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်သည့်စက်ရုံများ တည်ဆောက်၍ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြာင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ (MRCCI) အသင်း ဒုတိယဥက္ကဋ္ဌ ဦးမိုးကျော်ကျော်ထံမှ သိရသည်။
အဆိုပါ စီမံကိန်းကို ဗြိတိန်နိုင်ငံအခြေစိုက် ယူနိုက်တက်ဂရင်း Investmant ကုမ္ပဏီမှ CDC, DFC, OFC, ADB တို့ရဲ့အကူအညီများဖြင့် အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး ယင်းကုမ္ပဏီသည် ပုဂ္ဂလိကပိုင် မဟာဗျူဟာမြောက်ရင်းနှီးမြှုပ်နှံမှု လုပ်ဆောင်နေသော ဉရောပ၊ အာရှ၊ အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသများတွင် နှစ်(၆၀)ကျော်အောင်မြင်စွာ ရင်းနှီးမြှုပ်နှံခဲ့သည့် လုပ်ငန်းအတွေ့အကြုံရှိသော ကုမ္ပဏီတစ်ခုဖြစ်ကြောင်း သိရသည်။
၎င်းစီမံကိန်းအတွက် British Chamber of Commerce (UK) မှ CEO Mr. Peter Crowhurst နှင့် တာဝန်ရှိသူများက မန္တလေးတိုင်းဒေသကြီးအတွင်း နို့စားနွားမွေးမြူရေးလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုစီမံကိန်း အဆိုပြုလုပ်ဆောင်မှုအတွက် (MRCCI) မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရပြီး စီမံကိန်းအတွက် နိုင်ငံတော်အစိုးရအပါအဝင် မန္တလေးတိုင်းအတွင်းရှိ တစ်ပိုင်တစ်နိုင် မွေးမြူရေးသမားများပါ ပါဝင်လာစေရေးကို ဦးစားပေး တွေ့ဆုံဆွေးနွေးလိုကြောင်း သိရသည်။
ထို့အတူ ရည်မှန်းထားသော မွေးမြူရေးဧက များပြားလွန်းသဖြင့် မန္တလေးတိုင်းဒေသကြီး အပါအဝင် နီးစပ်သော စစ်ကိုင်းတိုင်းဒေသကြီးအတွင်းနှင့် ရှမ်း၊ မန္တလေးနယ်စပ်များပါ ထည့်သွင်းရေးကိုပါ ဆွေးနွေးခဲ့ကြောင်း၊ ယင်းစီမံကိန်းမှ အသား၊ နို့နှင့် နို့ထွက်ပစ္စည်းများကို မြန်မာနိုင်ငံအတွင်း ဈေးနူန်ုးချိုသာစွာနှင့် ရရှိစေပြီး ပြည်ပနိုင်ငံများသို့ အဓိကထား တင်ပို့ဖြန့်ဖြူးရောင်းချသွားမည်ဖြစ်ကာ နောက်တစ်ဆင့်အနေဖြင့် အသားထုတ်လုပ်မှုကို အိမ်နီးချင်း တရုတ်နိုင်ငံသို့ပါ တင်ပို့ရောင်းချသွားမည့် အစီအစဉ်များလည်း ပါဝင်ကြောင်း၊ ထိုသို့ထွက်ရှိလာသော ထုတ်ကုန်များမှာ မြန်မာ့ထုတ်ကုန်များအဖြစ်ဖြင့်သာ ရောင်းချတင်ပို့မှာဖြစ်လို့ အားပေးပါကြောင်း၊ စီမံကိန်းပထမအဆင့်တွင် နို့စားနွားကောင်ရေ နှစ်သောင်း စတင်မွေးမြူသွားမည်ဖြစ်ပြီး လိုအပ်မည့် အစာများအတွက် ကောက်ပဲသီးနှံစိုက်ပျိုးခြင်းများ၊ အစာသယ်ယူပို့ဆောင်ရေးဆောင်ရွက်မည့် အခန်းကဏ္ဍအစီအစဉ်များလည်း ပါဝင်ကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်း များစွာပေါ်ထွက်လာနိုင်ပါကြောင်း၊ ထိုကဲ့သို့ ရင်းနှီးမြှုပ်နှံမှုမျိုးကို တောင်အာဖရိကတွင်လည်း ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံတွင် အလားတူလုပ်ဆောင်မည့် စီမံကိန်းဖြစ်ကြောင်း၊ ထို့ပြင် ပြည်တွင်းရှိ နို့စားနွားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေသူများ မထိခိုက်စေရေးနှင့် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များလည်း ပါဝင်ကြောင်း၊ ယင်းစီမံကိန်း အတွက် လက်ရှိတွင် တာဝန်ရှိသူများနှင့် တွေ့ဆုံမှုများ အဆက်မပြတ်ပြုလုပ်နေပြီး လိုအပ်သည်များ ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါရင်းနှီးမြှုပ်နှံမှုအတွက် နိုင်ငံတော်မှ ခွင့်ပြုချက်အသီးသီးရရှိပါက တိုင်းအတွင်းရှိ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများကို ဖိတ်ခေါ်ချိတ်ဆက် ကူညီပေးမည်ဖြစ်ကြောင်း (MRCCI) အသင်း ဒုတိယဥက္ကဋ္ဌ ဦးမိုးကျော်ကျော်က ပြောသည်။
“ဒီစီမံကိန်းအတွက် မြေအမျိုးအစားမရွေး မြေဧကသောင်းဂဏန်းလောက် လိုအပ်တယ်လို့ သိရပါတယ်၊ တစ်ဆက်တစ်စပ်တည်း မဟုတ်ပါဘူး၊ ဟိုနေရာမှာ ဧက(၅၀ဝ)၊ ဒီနေရာမှာဧက(၅၀ဝ) စသည်ဖြင့် လုပ်ငန်းတစ်ခုလုံးအတွက် ပေါင်းလိုက်ရင် လိုအပ်တဲ့ဧက ရနိုင်တယ်၊ နိုင်ငံတော်ကပေးနိုင်တဲ့ မြေနေရာ အနေအထားမှာလဲ ဧကသောင်းချီမရှိတဲ့အတွက် ပုဂ္ဂလိကလုပ်ငန်းရှင်တွေ ပူးပေါင်းပါဝင်လာမှ အဆင်ပြေမှာပါဟု အကြံပြုပြောကြားထားတယ်။ နို့ထွက်ပစ္စည်းများ ထုတ်လုပ်ရန်နဲ့ နွားမွေးမြူရေး လုပ်ငန်းများအတွက် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုဟာ အမေရိကန်ဒေါ်လာ သန်း(၂၀ဝ)ခန့် ခန့်မှန်းထားပြီး ခေတ်သစ်ထုတ်လုပ်မှုလုပ်ငန်း အပြည့်အဝလည်ပတ်ချိန်မှာ ခန့်မှန်းခြေအားဖြင့် လူဦးရေ ၇၅၀ ကျော်ခန့် အလုပ်အကိုင် ရရှိနိုင်မှာဖြစ်ပါတယ်” ဟု (MRCCI) အသင်း ဒုတိယဥက္ကဋ္ဌ ဦးမိုးကျော်ကျော်ထံမှ သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်) / ဓါတ်ပုံ-MRCCI


