ကော့သောင်း ၂၈ ဇွန်
ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့ အကြိုအထိမ်းအမှတ်နှင့် မြို့စိမ်းလန်းစိုပြည် သာယာလှပရေး မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ လောကအလင်း ပရဟိတအဖွဲ့နှင့် သစ်ပင်ချစ်မြတ်နိုးသူများ စုပေါင်းကာ ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ ငါးသုံးလုံးတောင်ကုန်းတွင် သစ်ပင်များစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
မိုးရာသီအတွင်း အပင်များရှင်သန်ကြီးထွားရန် ကောင်းမွန်သည့်အချိန်ဖြစ်ရာ နှစ်ရှည်ပင်များဖြစ်သည့် ပျဉ်းကတိုးပင်နှင့် မဟောဂနီပင်များကို ကော့သောင်းမြို့ လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည်များ မြို့ရှုခင်းကြည့်ရှု အနားယူအပန်းဖြေရာနေရာဖြစ်သည့် ငါးသုံးလုံးတောင်ကုန်း တောင်စောင်းတစ်လျှောက်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပရဟိတအဖွဲ့ဝင်များ စုပေါင်းစိုက်ပျိုးကြခြင်းဖြစ်သည်။
အလားတူ မြို့၏ အထင်ကရနေရာများ အများပြည်သူ အပန်းဖြေရာနေရာများ၊ မြို့သို့လာရောက်လည်ပတ်သည့် ဧည့်ခရီးသွားဧည့်သည်များ ဝင်/ထွက်သွားလာ များပြားလေ့ရှိသည့် နေရာများတွင်လည်း သစ်ပင်များ ယခုနှစ်မိုးရာသီအတွင်း ဆက်လက်စိုက်ပျိုးရန် စီစဉ်ထားကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)


