ပူတာအို ၂၈ ဇွန်
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ပူတာအို-နမ်ထွမ်ခူးလမ်းပိုင်းအား မြေသားလမ်းမှ ကျောက်ချောလမ်း (၁၄)မိုင်အနက် အဆင့်မြှင့်တင်ရန်ကျန်ရှိသည့် တစ်မိုင်လေးဖာလုံအား အဆင့်မြှင့်တင် ဆောင်ရွက်ပေးခြင်းကြောင့် ယခုအခါ ရာသီမရွေး အချိန်တိုအတွင်း ဖြတ်သန်းသွားလာနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
ပူတာအို-နမ်ထွမ်ခူးလမ်းပိုင်းအား နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံ ငွေကျပ်သန်းပေါင်း (၁၈၇ ဒသမ ဝ၀၁)သန်းဖြင့် လမ်းအရှည်(၁)မိုင် (၄)ဖာလုံ၊ လမ်းအကျယ်(၁၂)ပေအား ကျောက် (၁၂)လက်မထု၊ လမ်းပခုံးတစ်ဖက်လျှင် လေးပေတို့ကို တိုးတက်သောရွှေနိုင်ငံ ဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်း ပူတာအို-နမ်ထွမ်ခူး ကျေးရွာအုပ်စုသို့ ဆက်သွယ်ထားသည့်လမ်းသည် ယခင်က မိုးရာသီတွင် လူများသာသွားလာနိုင်ပြီး သုံးဘီးမော်တော်ဆိုင်ကယ်များ သွားလာရန် အခက်အခဲရှိခဲ့သော်လည်း ယခုအခါ နယ်စပ်ရေးရာဝန်ကြီးဌာန၏ ခွင့်ပြုရန်ပုံငွေဖြင့် မြေသားလမ်းမှကျောက်ချောလမ်း အဆင့်မြှင့်တင် ဆောင်ရွက်ပေးနေခြင်းကြောင့် နမ်ထွမ်ခူးကျေးရွာ အုပ်စုအတွင်းရှိ လူဦးရေ (၃၀ဝ၀)ကျော်၏ လူမှုရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ဒေသတွင်းခရီးသွားလုပ်ငန်းပါ ဖွံ့ဖြိုးတိုးတက်လာမည့်အပြင် သုံးဘီး မော်တော်ဆိုင်ကယ်များဖြင့် ရာသီမရွေး အချိန်တိုအတွင်း ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါလုပ်ငန်း ဆောင်ရွက်ပြီးစီးနေမှုများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်နှင့် မြို့နယ်တည်ဆောက်ရေးလုပ်ငန်း စစ်ဆေးရေးကော်မတီအဖွဲ့သည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမိုးရွှေ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးယောဆီ၊ ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင်ဦးတို့နှင့်အတူ ဇွန် ၂၇ ရက်က ပူတာအို-နမ်ထွမ်ခူးလမ်း မြေသားလမ်းမှ ကျောက်ချောလမ်းအဖြစ် ကျောက်ခင်း၍ အဆင့်မြှင့်တင်ဆောင်ရွက်ထားရှိသော လမ်းနှင့် တံတားများ၊ အမက-နမ်ထွမ်ခူးကျောင်းတွင် ပညာရေးဌာန ပြင်ထိန်းရန်ပုံငွေဖြင့် ကျောင်းကော်မတီများမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဖုန်ကန်(ပြန်/ဆက်)


