ရန်ကုန် ၂၈ ဇွန်
ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများသည် စည်းကမ်းမဲ့ဈေးသည်များကို သိမ်းဆည်းအရေးယူခြင်းနှင့် ကွန်ကရစ်လမ်းခင်းမည့် နေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းသန်းနှင့် အတွင်းရေးမှူး EO ဦးဝင်းနိုင်တို့၏ လမ်းညွှန်မှုဖြင့် ကြို့ကုန်းအနောက်ရပ်ကွက်၊ ကြို့ကုန်းရိပ်သာရှေ့ ဗဟိုလမ်းမပေါ်ရှိ သားစိမ်း၊ ငါးစိမ်း ရောင်းချနေသည့် စည်းကမ်းမဲ့ဈေးသည်များကို သိမ်းဆည်းအရေးယူ ဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ တာဝန်ရှိသူများသည် မြို့နယ် လမ်းနှင့် တံတားဌာနမှ SAE ဒေါ်မြမြချို တာဝန်ယူ၍ စတင်ဆောင်ရွက်ရန် ပြင်ဆင်နေသည့် တောင်သူကုန်းရပ်ကွက်၊ ကွင်းပိုင်းဆက်စပ်လမ်း ကွန်ကရစ်လမ်း ခင်းမည့်နေရာသို့ သွားရောက်၍ ရပ်မိရပ်ဖများ၊ လမ်းကော်မတီများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် တွေ့ဆုံ၍ လုပ်ငန်းဆောင်ရွက်စဉ် အခက်အခဲမရှိ စံချိန်စံညွှန်းမီ ပြီးစီးရန် ဝိုင်းဝန်ကူညီ ဆောင်ရွက်ကြစေလိုကြောင်း လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)


