ဂန့်ဂေါ ၂၈ ဇွန်
ဂန့်ဂေါမြို့နယ် ကန်ရွာတွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားလျက်ရှိရာ ကန်တိုက်နယ်ပြည်သူ့ဆေးရုံသို့ တက်ရောက်ကုသသူ ၂၆ ဦးရှိနေပြီး ၁၃ ဦးမှာ ပျောက်ကင်းသွားပြီဖြစ်ကြောင်း၊ ကျန်ရှိလူနာများအနက် ၄ ဦးကို ဂန့်ဂေါမြို့ ခုတင် ၁၀၀ ဆံ့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသစေကြောင်း သိရသည်။
မြို့နယ်ကျန်းမာရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်အေးသည် ဂန့်ဂေါခရိုင် လူမှုဝန်ထမ်း လက်ထောက်ညွှန်ကြားရေးမှူး ဦးလှဦး၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းမော်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဇော်ရဲနိုင်တို့နှင့်အတူ ဇွန် ၂၇ ရက်က ကန်ရွာတိုက်နယ်ပြည်သူ့ဆေးရုံသို့ သွားရောက်ကြည့်ရှုအားပေး၍ တိုက်နယ်ပြည်သူ့ဆေးရုံ ဆရာဝန် ဒေါက်တာ တင်မျိုးနိုင်ထံ ငွေကျပ် တစ်သိန်းနှင့် နှာခေါင်းစည်း ၂ ဘူးကို ထောက်ပံ့ပေးအပ်ခဲ့သည်။
သွေးလွန်တုပ်ကွေးရောဂါနှင့် စပ်လျဉ်း၍ “ဖြစ်ပွားတဲ့နေအိမ်တွေကို လိုက်လံစစ်ဆေးတော့ ခြုံနွယ်များ၊ ပိုးလောက်လန်းများလည်း မရှိပါဘူး၊ ကျန်းမာရေးဌာနနဲ့ ပူးပေါင်းပြီးတော့ အဘိတ်ဆေးခတ်ခြင်းတွေလည်း တစ်ပတ်တစ်ခါ ပြုလုပ်ပေးနေတာပါ”ဟု ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။
ထို့ပြင် ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင်များကို အဆိုပါကျေးရွာနေ ပြည်သူများထံ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)