စေတုတ္တရာ ၂၈ ဇွန်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံပျက်စီးဆုံးရှုံးခဲ့သော တောင်သူများအား ထောက်ပံ့ငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
စေတုတ္တရာမြို့နယ်အတွင်း ၂၀၁၈-၂၀၁၉ ခုနှစ် (၃.၁၁.၂၀၁၈) မှ (၃၀.၉.၂၀၁၉) ထိ ကာလအတွင်း ရေတိုက်စားခြင်းကြောင့် သီးနှံပျက်စီးမှု (၁၃)ဧကရှိပြီး မိုးစပါး(၆)ဧကအတွက် တစ်ဧကလျှင် ကျပ် တစ်သောင်းနှုန်းဖြင့် ငွေကျပ် (၆)သောင်းကျပ်၊ နွေစပါး(၇)ဧကအတွက် တစ်ဧကလျှင် ၂ သိန်းခွဲနှုန်းဖြင့် ငွေကျပ် ၁၇ သိန်းခွဲနှင့် ရေကြီးနစ်မြုပ်ခြင်းကြောင့် သီးနှံပျက်စီးမှု (၁၄၀)ဧကရှိပြီး မိုးနှမ်း(၁၁၀)ဧကအတွက် တစ်ဧကလျှင် ကျပ် ၅ ထောင်နှုန်းဖြင့် ငွေကျပ် ၅ သိန်းခွဲ၊ နွေစပါး (၁၆)ဧကအတွက် တစ်ဧကလျှင် ၂ သိန်းခွဲနှုန်းဖြင့် ငွေကျပ်သိန်း (၄၀)၊ မိုးမြေပဲ (၁၃)ဧကအတွက် တစ်ဧကလျှင် ကျပ် ၃ သောင်းနှုန်းဖြင့် ငွေကျပ် ၃၉၀ဝ၀ဝ၊ ဖူးစားပြောင်း တစ်ဧကအတွက် တစ်ဧကလျှင် ကျပ် တစ်သောင်းနှုန်းဖြင့် တစ်သောင်းကျပ် မြို့နယ်အတွင်း သီးနှံပျက်စီးဆုံးရှုံးမှု စုစုပေါင်း (၁၅၃)ဧကအတွက် ငွေကျပ် ၆၇၆၀ဝ၀ဝ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သီးနှံပျက်စီးဆုံးရှုံးမှုအတွက် ထောက်ပံ့ငွေပေးအပ်မည့် အစီအစဉ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဆောင်သော မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာဌာနများပါဝင်သော အဖွဲ့ဖြင့် မြို့နယ်ကြီးကြပ်ရေးကော်မတီ ဖွဲ့စည်း၍ ဇူလိုင်လအတွင်း တောင်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
စည်သူလွင်(ပြန်/ဆက်)


