မန္တလေး ၂၈ ဇွန်

 

မန္တလေးမြို့လယ်ခေါင် မီးပွိုင့်တွင် သမီးရည်းစားစုံတွဲတစ်တွဲ သေနတ်ဖြင့်ပစ်ခတ်ခံရပြီး ကျူးလွန်သူ လေးဦးကို ဖမ်းမိထားသည်ဟု မန္တလေးမြို့ အမှတ်(၂)နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ယနေ့ မွန်းလွဲ ၂ နာရီခန့်မှာ အဆိုပါစခန်းတာဝန်ရှိသူကို ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာမှာ လေးယောက်ဖမ်းမိထားကြောင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

 

ဇွန် ၂၇ ရက် ည ၈ နာရီခွဲခန့်က ပြည်ကြီးတံခွန်မြို့နယ် စက်မှု(၁)နေ အသက်(၁၇)နှစ်အရွယ် အမျိုးသားသည် ရည်းစားဖြစ်သူနှင့်အတူ ဆိုင်ကယ်ဖြင့် ကျုံးတောင်ဘက်ခြမ်း အရှေ့မှအနောက် ၂၆ လမ်းအတိုင်း မောင်းနှင်လာပြီး ၇၈ လမ်းနှင့် ၇၉ လမ်းကြားအရောက် မီးပွိုင့်တွင် မီးနီ၍ ရပ်စောင့်နေစဉ်  ဆိုင်ကယ်တစ်စီးမှာ နောက်မှရောက်ရှိလာကာ သေနတ်ဟု ယူဆရသောအရာဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။

 

သေနတ်ဖြင့် အပစ်ခံရသူ အမျိုးသားမှာ နံဘေးဖောက်ဝင် ထိခိုက်ဒဏ်ရာတစ်ချက်ရရှိခဲ့ပြီး မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်၍ ဆေးဝါးကုသမှုခံယူလျက်ရှိသည်။

 

"လောလောဆယ် ကျန်းမာရေးအခြေအနေ ကောင်းပါတယ်။ ကျည်ကိုတော့ ခွဲမထုတ်ရသေးဘူး။ ဘာလို့လုပ်လဲဆိုတာလည်း မသိရသေးပါဘူး"ဟု သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသူ၏ ဖခင်ဖြစ်သူက ပြောသည်။

 

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ဒဏ်ရာရသူ၏ ဖခင်က အမှတ်(၂)နယ်မြေရဲစခန်းတွင် အမှုဖွင့် တိုင်တန်းခဲ့သဖြင့် ရဲစခန်းက (ပ)၁၁၆/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃၀၇/၃၂၆ တို့ဖြင့် အမှုဖွင့်လှစ်ပေးခဲ့ပြီး ကျုးလွန်သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့သည်။

 

ဖြိုးအိ