ပဲခူး ၂၈ ဇွန်

 

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇွန် ၂၈ ရက် နံနက် ၈ နာရီက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးထွန်းထွန်းဦး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများနှင့်အတူ ကြို့ပင်ကောက်မြို့ ဣန္ဒကာရ Quarantine စခန်းတွင် Quarantine ဝင်နေသူများကို ကြည့်ရှုအားပေးပြီး COVID-19 ရောဂါ ကာကွယ် ကုသ ထိန်းချုပ်ရေးအတွက် အထောက်အပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကြို့ပင်ကောက်မြို့ အနောက်ဘုရားကြီးတိုက်သစ်၊ ဣန္ဒကာရ Quarantine စခန်းတွင် Quarantine ဝင်နေသူများအား နှုတ်ဆက်အားပေးစကား ပြောကြားပြီး တာဝန်ရှိသူများထံ COVID-19 ရောဂါ ကာကွယ် ကုသ ထိန်းချုပ်နိုင်ရေးအတွက် PPE ဝတ်စုံ(၁၀)စုံနှင့် နှာခေါင်းစည်း(Mask) ၅၀ ခုပါ (၆)ဘူးတို့အား ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ထို့နောက် ကြို့ပင်ကောက်မြို့ ယာယီအခွန်လွတ်ဈေး(၁)သို့ သွားရောက်ပြီး ဈေးအတွင်း မြေသားဖို့ရန်အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ဈေးတွင်း/ပြင် ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ စနစ်တကျ တူးဖော်ဆောင်ရွက်ရန် အခြေအနေများကို ကြည့်ရှု၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရှားပင်ထကျေးရွာ တိုက်ကျောင်းမဟာစည်ရိပ်သာတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်ပေးရန် ကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

 

ယင်းနောက် ကြို့ပင်ကောက်မြို့ ယာယီအခွန်လွတ်ဈေး(၁)အတွင်း မြေဖို့ခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ လွှတ်တော်ကိုယ်စားလှယ်များထံ ထောက်ပံ့ငွေကျပ် သိန်း(၅၀)အား ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)