မြိတ် ၂၈ ဇွန်

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်လျက်ရှိသည့် အရေးပေါ်လူနာတင်ယာဉ် အသင်းများအတွက် PPE ဝတ်စုံများကို ဇွန် ၂၈ ရက် နံနက် ၁၀ နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ကျွန်းရတနာခန်းမတွင် ထောက်ပံ့ခဲ့သည်။

 

ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် ကန့်သတ်စောင့်ကြည့်ရေးစခန်းများရှိ နေရပ်ပြန်များ၊ ကန့်သတ်စောင့်ကြည့် လူနာများအား အရေးပေါ်လူနာ တင်ယာဉ်များဖြင့် ဘေးအန္တရာယ်ကင်း၍ ကျန်းမာရေးနှင့် ညီညွတ်စွာ ပို့ဆောင် ဆောင်ရွက်နိုင်ရေးအတွက် PPE ဝတ်စုံ(၁၀ဝ)စုံကို မြိတ်ခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း သိရသည်။

 

PPE ဝတ်စုံများထောက်ပံ့ရာ၌ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဥက္ကာမင်းနှင့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးတို့ ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် မြိတ်မြို့ရှိ အရေးပေါ် လူနာတင်ယာဉ်အသင်းများအား ဂုဏ်ပြုအမှာစကား ပြောကြားကြသည်။ ထို့နောက် ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါ်လွင်လွင်မွန်က ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်ပါက PPE ဝတ်စုံများ စနစ်တကျ ဝတ်ဆင်ဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ အရေးပေါ်လူနာတင်ယာဉ် အသင်းများအတွက် PPE ဝတ်စုံများကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးတို့က ပေးအပ်ခဲ့ကြပြီး မြိတ်ခရိုင် လူနာတင်ယာဉ်အသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မျိုးဦးက အသင်းများမှ ကိုဗစ်-၁၉ ကာလတွင် ကာကွယ်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်နေမှုများနှင့် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

 

ခိုင်ထူး (မြိတ် ပြန်/ဆက်)

 

mdn