ရန်ကုန် ၂၈ ဇွန်
ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ၏ ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှု အစီအစဉ်ဖြင့် မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ထောက်ပံ့ကူညီသည့် ဓာတ်ခွဲခန်းသုံး အထောက်အကူပြု ပစ္စည်းများနှင့် လူသားချင်း စာနာထောက်ထားမှု ဖွံ့ဖြိုးရေးဆိုင်ရာ ကူညီဆောင်ရွက်ပေးမည့် ကျွမ်းကျင်ဝန်ထမ်းများ တင်ဆောင်လာသော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အထူးလေယာဉ်သည် ယနေ့နံနက် ၁၀ နာရီ ၁၀ မိနစ်တွင် မလေးရှားနိုင်ငံမှ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည်။
ယနေ့ခရီးစဉ်နှင့်ပတ်သက်၍ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)၏ ဒုတိယ ဌာနေကိုယ်စားလှယ် Mr. Walid Ibrahim က `` ဒီနေ့ကတော့ WFP ရဲ့အဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံခရီးစဉ်ဖြစ်ပါတယ်။ WHO က ထောက်ပံ့ကူညီတဲ့ ဓာတ်ခွဲခန်းသုံး အထောက်အကူပြု ပစ္စည်းတွေနဲ့အတူ မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ဖွံ့ဖြိုးရေးအကူအညီ ပေးမယ့် ဝန်ထမ်းတွေ လိုက်ပါလာပါတယ်။ ရန်ကုန်မြို့နဲ့ နိုင်ငံတကာကို ချိတ်ဆက်ပြီး COVID-19 ကပ်ရောဂါ တုံ့ပြန်ရေးအတွက် အရေးပါတဲ့ ထောက်ပံ့ရေးပစ္စည်းတွေနဲ့ ဝန်ထမ်းတွေကို သယ်ယူပို့ဆောင်ပေးနေတာ တစ်လခွဲကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ COVID-19 ဆိုင်ရာ ထုတ်ပြန်ချက်တွေကို နောက် ၁၅ ရက်အထိ ထပ်မံတိုးမြှင့်ခဲ့တာကြောင့် ကျွန်တော်တို့အနေနဲ့ နိုင်ငံတကာ စီးပွားဖြစ် လေကြောင်းခရီးစဉ်တွေ ပြန်ပြီး လည်ပတ်နိုင်မယ့်အချိန်အထိ အခုလို ဝန်ဆောင်မှုကို ဆက်ပြီးပေးအပ်သွားဖို့ ဆုံးဖြတ်ထားပါတယ်။ လူသာချင်းစာနာထောက်ထားမှုနဲ့ ဖွံ့ဖြိုးမှုအကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ အလှူရှင်အဖွဲ့အစည်းတွေ လိုအပ်မှုရှိနေသေးသ၍လည်း ဆက်လက်ပေးအပ်သွားမှာဖြစ်ပါတယ် ´´ ဟုပြောသည်။
ယနေ့ခရီးစဉ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ထောက်ပံ့ကူညီမည့် ဓာတ်ခွဲခန်းသုံး အထောက်အကူပြုပစ္စည်းများနှင့်အတူ ကုလသမဂ္ဂအဖွဲ့အစည်း များနှင့် ကမ္ဘာ့ဘဏ်၊ ဂျာမနီ GIZ နဲ့ ICRC စသည့်အဖွဲ့အစည်းများမှ သက်ဆိုင်ရာ နယ်ပယ်အလိုက် ကျွမ်းကျင်ပညာရှင် ဝန်ထမ်း (၁၁) ဦးလိုက်ပါလာခြင်းဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် နိုင်ငံတကာ လေကြောင်းခရီးစဉ်များကို ယာယီရပ်ဆိုင်းထားသည့်အတွက် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ၏ ကိုယ်စား ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ၏စီမံခန့်ခွဲမှုဖြင့် ရန်ကုန်နှင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ကို အပတ်စဉ် ချိတ်ဆက်ပေးနိုင်မည့် လူသားချင်းစာနာထောက်မှုဆိုင်ရာ လေကြောင်းပျံသန်းမှုအကူအညီ အစီအစဉ်ကိုဆောင်ရွက်ခဲ့ရာ ယင်းအစီအစဉ်အရ မေ ၁၀၊ ၁၇၊ ၂၄ ရက်တို့တွင် ကွာလာလမ်ပူမြို့မှ ရန်ကုန်မြို့သို့ ဆေးဝါးနှင့်အထောက်အကူပြု ပစ္စည်းများတင်ဆောင်လာသော ထောက်ပံ့ရေး အထူးလေယာဉ်များ ဆိုက်ရောက်ခဲ့သည်။
အဆိုပါ ခရီးစဉ်များအရ မေ ၁၀ ရက်တွင် ပထမဆုံးအကြိမ်ခရီးစဉ်အဖြစ် Gavi (Global Alliance for Vaccines and Immunisation) အဖွဲ့၏ထောက်ပံ့မှုဖြင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) ၏အစီအစဉ်ဖြင့် ဝယ်ယူထားသော ကိုဗစ်-၁၉ ရောဂါပိုးစမ်းသပ်ကိရိယာ (test kits)နှင့် ဆက်စပ်ပစ္စည်းများ ကိုလည်းကောင်း၊ မေ ၁၇ ရက်တွင် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ကဝယ်ယူထားသော တစ်ကိုယ်ရေကာကွယ်ရေးဝတ်စုံ(PPE)နှင့် ဆက်စပ်ပစ္စည်းများ အပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ကဝယ်ယူထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့်ပတ်သက်သည့် ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများကို လည်းကောင်း သယ်ယူပို့ဆောင် နိုင်ခဲ့ပြီး ယင်းလေကြောင်းခရီးစဉ် ပျံသန်းမှု သုံးကြိမ်၏ ကုန်ကျစရိတ်အား ဥရောပသမဂ္ဂနှင့် ဆွစ်ဇာလန်နိုင်ငံအစိုးရ၏ ဘဏ္ဍာငွေထောက်ပံ့မှုဖြင့် ပျံသန်းပြေးဆွဲခဲ့ခြင်းဖြစ်သည်။
ထို့အတူ WFP အနေဖြင့် မေ ၃၁ ရက် စတုတ္ထအကြိမ်မြောက် ခရီးစဉ်မှ စတင်ကာ WFP ၏ ကမ္ဘာလုံးဆိုင်ရာ သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှု အစီအစဉ်ဖြင့် ပြောင်းလဲ ပြေးဆွဲခဲ့ရာ ယနေ့တွင် အဋ္ဌမ အကြိမ်မြောက်မြန်မာနိုင်ငံခရီးစဉ်ဖြစ်သည်။
WFP ၏အဆိုပါ အစီအစဉ် သည် ကမ္ဘာအနှံ့အပြားရှိ သယ်ယူပို့ဆောင်ရေးဗဟိုဌာန (Logistics Hubs) များနှင့် ချိတ်ဆက်ပြီး အရေးပေါ်လိုအပ်ချက်ရှိနေသည့် နိုင်ငံများဆီ ကူညီကယ်ဆယ်ရေး အထောက်အပံ့ပစ္စည်းများကို သယ်ယူပို့ဆောင်ပေးနေခြင်းဖြစ်သည်။
ထို့အတူ မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် အိန္ဒိယ၊ တရုတ်၊ ကိုရီးယား၊ စင်ကာပူနှင့် ဂျပန်နိုင်ငံတို့ကလည်း ဆေးဝါး၊ စက်ပစ္စည်း နှင့်ကျန်းမာရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းများအား ထောက်ပံ့ကူညီ လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။
သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်


