ရန်ကုန်  ၂၈   ဇွန်

အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ်မှ ကိုဗစ်-၁၉ ကာလ၊ အုပ်ချုပ်သူ၊ နည်းပြများအား ထောက်ပံ့ကြေးများ ပေးအပ်ပွဲနှင့် အလုပ်အမှုဆောင် အစည်းအဝေးကို ဇွန် ၂၇ ရက် နံနက်က ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျိုက္ကဆံကွင်းရှိ မြန်မာနိုင်ငံမြားပစ် အဖွဲ့ချုပ်  အစည်းအဝေး ခန်းမ၌ ကျင်းပသည်။ 

 

ရှေးဦးစွာ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ  အားကစားနှင့်ကာယပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်တွင် တာဝန်ထမ်းဆောင် နေသည့် နည်းပြများ Level အဆင့် သတ်မှတ်ရေး၊ National  Sports Seminar မှ ထွက်ပေါ်လာသည့် အချက်(၇)ချက်နှင့် ပတ်သက်၍ အတည်ပြုရေး၊ အား/ကာသိပ္ပံ သင်တန်းသားများအား သင်ကြားမည့် မြားပစ်သင်ရိုးညွှန်းတမ်းအား အတည်ပြုနိုင်ရေးအတွက် လည်းကောင်း၊ နည်းပြမွမ်းမံသင်တန်းကို Covid-19  စည်းကမ်းချက်များနှင့်အညီ (Social  Distancing) ပြုလုပ်၍ အားကစားနှင့် ကာယပညာ ဦးစီးဌာနသို့ စီမံချက်တင်ပြပြီး ဆောင်ရွက်ရန် ဖွင့်လှစ်နိုင်ရေး ပြောကြားသည်။ ဆက်လက်၍ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)၊ ကျောင်းအုပ်ကြီး ဦးကျော်စိုးမိုးက အားကစားနှင့် ကာယပညာသိပ္ပံ သင်ရိုးညွှန်းတမ်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်မှ ဆောင်ရွက်ထားသော သင်ရိုးညွှန်းတမ်းများအတိုင်း မြားပစ်သင်တန်းသားများအား သင်ကြားပို့ချ သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် တာဝန်ရှိပုဂ္ဂိုလ်များက ဝိုင်းဝန်းဆွေးနွေး အကြံပြုတင်ပြကြပြီး၊ ဇေကမ္ဘာကုမ္ပဏီ ဥက္ကဋ္ဌ မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယကနှင့် မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ် ဥက္ကဋ္ဌ (ကိုယ်စား) ဒုတိယဥက္ကဋ္ဌ ဦးကျော်ဦးက Covid-19 ကာလအတွင်း အသုံးပြုနိုင်ရန် ကိုရီးယားနည်းပြ  Mr. Youn  Byung Sun အားအမေရိကန် ဒေါ်လာ ၆၀၀၀၊ မြန်မာအုပ်ချုပ်သူ၊ နည်းပြများအား လစဉ် ထောက်ပံ့ကြေးများ ပေးအပ်ခဲ့‌ကြောင်း သိရသည်။

သတင်းနှင့် ဓာတ်ပုံ-အာကာစိုး