ချင်းရွှေဟော် ၂၈ ဇွန်
ချင်းရွှေဟော် မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်မှ ဝင်ရောက်လာသော တရုတ်နိုင်ငံမှပြန်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများကို ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ ၎င်းတို့၏ သက်ဆိုင်ရာတိုင်း ဒေသကြီး/ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် စနစ်တကျ စီစဉ်လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိရာ ယမန်နေ့ ညနေ(၆)နာရီအချိန်က (၁၁)ဦးနှင့် ယနေ့မွန်းလွဲ(၂)နာရီခွဲအချိန်က (၄၇)ဦး စုစုပေါင်းနေရပ်ပြန်ပြည်သူ (၅၈)ဦးတို့အား လားရှိုးမြို့သို့ ထပ်မံလွှဲပြောင်း ပို့ဆောင်ပေးခဲ့သည်။
အဆိုပါ လွှဲပြောင်းပို့ဆောင်ပေးခဲ့သည့် နေရပ်ပြန်ပြည်သူ(၅၈)ဦးတွင် အမျိုးသား(၁၆)ဦး၊ အမျိုးသမီး(၄၂)ဦးတို့ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးမှ (၂)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ (၁၃)ဦး၊ ပဲခူးတိုင်းဒေသကြီးမှ (၃)ဦး၊ မကွေးတိုင်းဒေသကြီးမှ (၂၉)ဦးနှင့် ရှမ်းပြည်နယ်မှ(၁၁)ဦး တို့ဖြစ်ကြောင်း သိရသည်။
ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ လွှဲပြောင်းပို့ဆောင်ပေးခဲ့သည့် နေရပ်ပြန်ပြည်သူများမှာ ဧပြီ ၃၀ ရက်နေ့မှ ယနေ့အထိ အမျိုးသား(၆၇၉၅)ဦးနှင့် အမျိုးသမီး(၅၄၄၉)ဦး တို့ဖြစ်ပြီး စုစုပေါင်းနေရပ်ပြန်ပြည်သူ(၁၂၂၄၄)ဦး တို့ကို စနစ်တကျ လွှဲပြောင်းပို့ဆောင် ပေးခဲ့ကြောင်း သိရှိရသည်။
ဇင်ဇင်(ပြန်/ဆက်)


