မန္တလေး   ၂၈   ဇွန်

 

မန္တလေးစက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီသို့ ဂျပန်နိုင်ငံမှ သုတေသန စာတမ်းရှင်များက မန္တလေးစက်မှုဇုန် အတွင်းရှိ စက်ရုံများ၏ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေးနှင့် ထုတ်ကုန်လုပ်ငန်းစဉ်များ နည်းပညာ တိုးတက်စေရေးအတွက် သုတေသန စာတမ်းပြုစုချက်များကို ပေးအပ်လှူဒါန်းကို ယနေ့ နံနက် ၁၀ နာရီ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ မန္တလေးစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီ သင်တန်းခန်းမတွင် ကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာ မန္တလေးစက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီဉက္ကဋ္ဌ ဦးခင်မောင်လှ က အဖွင့်အမှာစကား ပြောကြားပြီး ဂျပန်နိုင်ငံ Meijo University Japan မှ Dr Yuri Sadoi က သုတေသနစာတမ်း ကွင်းဆင်းပြုချက်များအား အသေးစိတ်ရှင်းလင်း ပြောကြားသည်။ ထို့နောက် တက်ရောက်လာသော လုပ်ငန်းရှင်များက သိရှိလိုသည်များ ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြသည်။ ၎င်းနောက် ဂျပန်နိုင်ငံ Meijo University Japan မှ Prof. Dr Yuri Sadoi နှင့် တာဝန်ရှိသူများ က မန္တလေးစက်မှုဇုန် အတွင်းရှိ စက်ရုံများ၏ အချက်အလက်များကို ကွင်းဆင်းကောက်ယူပြီး သုတေသန စာတမ်းရေးသား ပြုစုထားသည့် စက်ရုံများ၏ အချက်အလက်များအား ပေးအပ်လှူဒါန်းရာ မန္တလေးစက်မှုဇုံ စီမံခန့်ခွဲရေး ကော်မတီဉက္ကဋ္ဌ ဦးခင်မောင်လှနှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။ ယင်းနောက် မန္တလေးစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီ ဒုတိယဉက္ကဋ္ဌ ဦးနေဝင်း က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

“ဂျပန်နိုင်ငံ Meijo University Japan မှ Prof. Dr Yuri Sadoi နှင့် တာဝန်ရှိသူများ  စက်မှုဇုံအတွင်းမှာ လွန်ခဲ့တဲ့ သုံးလလေးလလောက်ကတည်းက ကွင်းဆင်းကောက်ယူပြီး ရေးသားပြုစုထားတဲ့ အချက်အလက်များကို အခမဲ့ ပေးအပ်လှူဒါန်းပေးတာပါ၊ မန္တလေးစက်မှုဇုန်အတွင်းရှိ စက်ရုံများ၏ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေးနှင့် ထုတ်ကုန်လုပ်ငန်းစဉ်များ နည်းပညာတိုးတက်စေရေးအတွက် အထောက်အကူပြုမှာပါ၊ လုပ်ငန်းရှင်တွေအတွက်လည်း အကျိုးရှိမှာပါ” ဟု မန္တလေးစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူး ဦးမောင်မောင်ဦး က ပြောကြားသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)