နေပြည်တော် ၂၈ ဇွန်
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ရှိ စစ်တွေ - ရေချမ်းပြင်သွား ကားလမ်း၌ ဇွန် ၂၇ ရက်က AA အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသည့် ဒေသန္တရ လက်လုပ်ရီမုမိုင်း ၁ လုံး ပေါက်ကွဲပြီး ဒေသန္တရ လက်လုပ်ရီမုမိုင်း ၅ လုံးကို တပ်မတော် အင်ဂျင်နီယာတပ်ဖွဲ့ဝင်များက ဖော်ထုတ်ရရှိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဉီးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါသတင်းထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ် စစ်တွေ-ရေချမ်းပြင်သွား ကားလမ်းပေါ်၌ AA အကြမ်းဖက် သောင်းကျန်းသူများက ဒေသန္တရလက်လုပ်ရီမုမိုင်းများ ထောင်ထားကြောင်း သတင်းရရှိသဖြင့် တပ်မတော်အင်ဂျင်နီယာ တပ်ဖွဲ့ဝင်များက လိုက်လံရှင်းလင်း ဖော်ထုတ်စဉ် ဒေသန္တရ လက်လုပ်ရီမုရမိုင်း ၁ လုံး ပေါက်ကွဲခဲ့ပြီး ဒေသန္တရ လက်လုပ်ရီမုမိုင်း ၅ လုံး ဖော်ထုတ် ရရှိခဲ့ကြောင်း။
စစ်တွေ - ရေချမ်းပြင်သွား ကားလမ်းတွင် AA အကြမ်းဖက်သောင်းကျန်းသူများက မိုင်းထောင်ထားကြောင်း တာဝန်သိပြည်သူများက သတင်းပေးပို့ခဲ့သဖြင့် ဇွန် ၂၇ ရက် မွန်းလွဲ ပိုင်းတွင် တပ်မတော်အင်ဂျင်နီယာ တပ်ဖွဲ့ဝင်များဖြင့် လိုက်လံရှင်းလင်းဖော်ထုတ်ခဲ့ကြောင်း၊ ထိုသို့ရှင်းလင်း ဖော်ထုတ်စဉ် စစ်တွေမြို့ နည်းပညာကောလိပ် (GTC) ရှေ့ရှိ စစ်တွေ-ရေချမ်းပြင်သွား ကားလမ်း၏ ဝဲ၊ ယာဘက်ခြမ်းများ၌ ဒေသန္တရလက်လုပ်ရီမုမိုင်း ၂ လုံး တွေ့ရှိခဲ့သဖြင့် ရှင်းလင်း ဆောင်ရွက်ချိန်တွင် ကားလမ်း၏ ယာဘက်ခြမ်းရှိ ဒေသန္တရလက်လုပ်ရီမုမိုင်း ၁ လုံး ပေါက်ကွဲခဲ့ကြောင်း၊ မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်မှုမရှိကြောင်းနှင့် အများပြည်သူများ အန္တရာယ်မဖြစ်စေရေး စစ်မြေပြင် အင်ဂျင်နီယာတပ်ဖွဲ့ဝင်များက ဆက်လက်စစ်ဆေး ဆောင်ရွက်စဉ် ဒေသန္တရ လက်လုပ်ရီမုမိုင်း ၃ လုံး ထပ်မံတွေ့ရှိခဲ့ရပြီး သက်မဲ့ပြုလုပ်၍ စနစ်တကျ သိမ်းဆည်းခဲ့ကြောင်း။
AA အကြမ်းဖက် သောင်းကျန်းသူများအနေဖြင့် ကျေးရွာများအနီးနှင့် အများပြည်သူများ အသုံးပြုလျက်ရှိသည့် ကားလမ်းများတွင် မိုင်းထောင်၊ မိုင်းဆွဲ တိုက်ခိုက်ခြင်းများ ဆောင်ရွက် လျက်ရှိခြင်းကြောင့် ၂ဝ၁၇ ခုနှစ် နိုဝင်ဘာ ၃ဝ ရက်မှ ယနေ့အထိ အပြစ်မဲ့ပြည်သူ ၁၆ ဦး သေဆုံးခဲ့ကာ ၅၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြပါရှိသည်။
ဇွန် ၂၇ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်ကလည်း ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ စံညှင်း ကျေးရွာနေ မနန်းစုသည် ကျေးရွာအနီး ဂဏန်းထောင်ရန် သွားရောက်စဉ် ကျေးရွာ၏ အနောက်ဘက် ၁ မိုင်ခန့် အကွာသို့ အရောက်၌ AA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် ဒေသန္တရ လက်လုပ်မိုင်း ၁ လုံးနင်းမိပေါက်ကွဲသဖြင့် ၎င်းတွင် မိုင်းစထိမှန်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဉီးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။
သတင်းစဉ်


