နေပြည်တော် ၂၈ ဇွန်
အိန္ဒိယနိုင်ငံ၌ သင်တန်းတက်ရောက်ပြီး ပြန်လည်ရောက်ရှိလာသည့် အရာရှိ၊ စစ်သည်များ အနက်မှ စစ်သည် ၃ ဦးတွင် COVID-19 ရောဂါပိုး ထပ်မံတွေ့ရှိရကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ သတင်းထုတ်ပြန်ချက်တွင် အိန္ဒိယနိုင်ငံ၌ သင်တန်းတက်ရောက် ပြီးဆုံး၍ ဇွန် ၂၆ ရက်တွင် တပ်မတော်လေယာဉ်ဖြင့် အိန္ဒိယနိုင်ငံမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည် ရောက်ရှိလာပြီး ရန်ကုန်တိုင်း စစ်ဌာနချုပ် နယ်မြေအတွင်း အသွားအလာကန့်သတ် သီးခြားစောင့် ကြည့်ထားသည့် အရာရှိ၊ စစ်သည် ၄၈ ဦးအနက် စစ်သည် ၂ ဦး COVID-19 ရောဂါပိုး တွေ့ရှိမှု သတင်းအား ဇွန် ၂၇ ရက်တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း။
အဆိုပါ လေယာဉ်တစ်စီးတည်း လိုက်ပါစီးနင်းလာခဲ့သည့် ကျန်ရှိသူ ၄၆ ဦးအား ဇွန် ၂၇ ရက် ညပိုင်းတွင် ၎င်းတို့၏ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်တို့အား ရယူ၍ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)၌ Polymerase Chain Reaction (PCR)နည်းဖြင့် ဓာတ်ခွဲစစ်ဆေးခဲ့ရာ စစ်သည် ၃ ဦး၌ COVID-19 ရောဂါပိုးထပ်မံ တွေ့ရှိ (တွေ့ရှိ) ရကြောင်း ၊ ရောဂါပိုးတွေ့ရှိရသော စစ်သည်များအား တပ်မတော်က ကြိုတင်စီစဉ်ထားသည့် တပ်မတော် အသည်းရောဂါ အထူးကုဆေးရုံကြီး(မင်္ဂလာဒုံ)သို့ ပို့ဆောင်၍ ဆေးဝါးကုသမှု ခံယူစေလျက်ရှိကြောင်းနှင့် ၎င်းတို့၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်ကောင်းမွန်လျက်ရှိကြောင်း ။
COVID-19 ရောဂါပိုးတွေ့ရှိခဲ့သည့် စစ်သည်များနှင့် ဆက်စပ်ထိတွေ့မှုရှိခဲ့သူများ၊ လေယာဉ် တစ်စီးတည်း လိုက်ပါစီးနင်းခဲ့သူများကိုလည်း လိုအပ်သည့်ရောဂါရှာဖွေ ဖော်ထုတ်ခြင်း၊ အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုခြင်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။
သတင်းစဉ်