မြဝတီ  ၂၈  ဇွန်

 

 

ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သား ၃၆၆ ဦး မြဝတီအမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ယနေ့တွင် ပြန်လည်ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

 

 

ပြန်လည်ဝင်ရောက်လာသူများအား ကျန်းမာရေးစစ်ဆေးမှုနှင့် အခြားသောလိုအပ်ချက်များ ဆောင်ရွက်နိုင်ရန်အတွက် ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကို၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြဝတီခရိုင် ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ခိုင်ဆွေနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ က ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

 

ယနေ့ ပြန်လည်ဝင်ရောက်သူများအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ အမျိုးသား ၂၀၈ ဦး၊ အမျိုးသမီး ၁၅၈ ဦး စုစုပေါင်း ၃၆၆ ဦးဖြစ်ပြီး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ ခွင့်ပြုချက်များရယူကာ ထိုင်းနိုင်ငံ ဒေသအသီးသီးမှ ၎င်းတို့၏ အစီအစဉ်ဖြင့် ပြန်လည်ဝင်ရောက်သူများဖြစ်ကြောင်း သိရသည်။

 

 

ပြန်လည်ဝင်ရောက်လာသူများ အနေဖြင့် မေ ၁ ရက်မှ ဇွန် ၂၈ ရက်(ယနေ့)အထိ စုစုပေါင်း ၃၅၉၄၅ ဦးထိ ပြန်လည် ဝင်ရောက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

 

ထိန်လင်းအောင်(ပြန်/ဆက်)