မြန်မာနိုင်ငံတွင် ကလေး ၂၉ ဒသမ ၃ ရာခိုင်နှုန်းမှာ ကာလတာရှည် အာဟာရချို့တဲ့မှုကြောင့် ပုညှက်နေကြကြောင်း စစ်တမ်းတစ်ခုက ဆိုသည်။ အာဟာရချို့တဲ့မှုဟုဆိုရာတွင် မိခင်ဖြစ်သူ ကိုယ်ဝန်ဆောင်ချိန်မှစ၍ ကလေးမွေးဖွား ပြီးနောက်ပိုင်း ကလေးနှစ်နှစ်သားအရွယ်အထိ တစ်နည်းအားဖြင့် ရက် ၁ဝဝဝ ကာလအတွင်း အာဟာရ လုံလောက်စွာ မရရှိခြင်းကြောင့် ဖြစ်သည်။ အာဟာရလုံလောက်စွာ မရရှိခြင်းမှာလည်း ဆင်းရဲနွမ်းပါးမှုကြောင့် အစာအာဟာရကို ပြည့်ဝစွာ မစားနိုင်ခြင်း၊ ကျန်းမာရေး အသိပညာအားနည်းမှုကြောင့် အာဟာရပြည့်ဝအောင် မစားသောက်တတ်ခြင်း၊ လွဲမှားသောအယူအဆများကြောင့် အစာရှောင်ကြရာမှ အာဟာရချို့တဲ့ပြီး ရေရှည်တွင် သက်တူရွယ်တူ လိင်တူကလေးများနှင့် နှိုင်းယှဉ်ပါက ရှိသင့်သည့်အရွယ်မရှိဘဲ သေးငယ်ပုညှက်လာရခြင်းဖြစ်သည်။

 

အာဟာရချို့တဲ့မှုကြောင့် မြန်မာကလေးငယ် ၁ ဒသမ ၆ သန်းမှာ ပုညှက်လျက်ရှိကြရာ မြို့ပြဒေသများမှာထက် ကျေးလက်ဒေသများတွင် ပိုမိုများပြားလျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးမှုအနည်းဆုံး ပြည်နယ်များဖြစ်ကြ သည့် ချင်းပြည်နယ်တွင် ၅၈ ရာခိုင်နှုန်းနှင့် ရခိုင်ပြည်နယ်တွင် ၅၀ ရာခိုင်နှုန်းအထိ ပုညှက်မှုရာခိုင်နှုန်း အမြင့်ဆုံးဖြစ်ကြောင်းလည်း သိရသည်။ ကလေးများအာဟာရပြည့်ဝစွာမရရှိပါက ခန္ဓာကိုယ်ပိန်လှီပုညှက် ရုံသာမက ဉာဏ်ရည်ဖွံ့ဖြိုးမှုကိုလည်း ထိခိုက်လာစေမည်ဖြစ် သည်။ ကာယဉာဏဖွံ့ဖြိုးမှု နှစ်ခုစလုံး လျော့နည်းနိမ့်ကျနေမည် ဆိုပါက ကျန်းမာရေးချူချာခြင်း၊ ကူးစက်ရောဂါများကို ခုခံနိုင်စွမ်းမရှိခြင်း၊ ကျောင်းနေအရွယ်တွင်လည်း ကျောင်းစာများကို မလိုက်နိုင်ခြင်း၊ မှတ်ဉာဏ်အားနည်းချက်ကြောင့် ကျောင်းပညာကို ပြီးဆုံးသည်အထိ ဆက်လက်မသင်ကြားနိုင်ခြင်းတို့ကဲ့သို့သော အဖြစ်များကို ကလေးဘဝတွင်ရင်ဆိုင်ကြုံတွေ့ကြရပြီး ကြီးပြင်း လာသည့်အချိန်တွင် အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိသည့် အခြေအနေ သို့ ရောက်ရှိသွားနိုင်သည်။

 

သို့ဖြစ်ရာ အာဟာရပြည့်ဝစွာ စားသောက်တတ်ရန် ပညာပေးမှုလုပ်ငန်းများကို မြို့ပြများတွင်သာမက ကျေးလက်တောရွာ များအားလုံးအထိ ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် ဆောင်ရွက်ပေးရန် လိုအပ်သည်။ အထူးသဖြင့် ဒေသအလိုက် အလွယ်တကူရရှိစားသုံးနေကြသည့် အစားအစာအရင်းအမြစ်များအား မည်ကဲ့သို့ အာဟာရပြည့်ဝအောင် စားကြရမည်ကို သင်ကြားပညာပေးခြင်းအားဖြင့် လက်တွေ့လိုက်ပါကျင့်သုံးလာ ကြမည်ဖြစ် သည်။ ကလေးအာဟာရအတွက် ရက်ပေါင်း ၁၀၀၀ ၏ အစဖြစ်သည့် ကိုယ်ဝန်ဆောင်မိခင်များ အာဟာရပြည့်ဝ အောင် နေထိုင်စားသောက်တတ်ရေး၊ မွေးစမှ ခြောက်လအရွယ်အထိ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးရေးနှင့် ခြောက်လအရွယ်မှစ၍ မိခင်နို့အပြင် ဖြည့်စွက်စာကိုပါ ကျွေးရန် လိုအပ် လာသည်။

 

ဖြည့်စွက်စာတွင် အာဟာရမျှတစေရန်အတွက် အစာအုပ်စု သုံးစုဖြစ်သော (၁)အင်အားဖြစ်စေသော အစာ၊ (၂) ခန္ဓာကိုယ် ကြီးထွားစေသော အစာ၊ (၃) ရောဂါကာကွယ်စေသော အစာတို့ နေ့စဉ်စားသုံးသည့်အကြိမ်တိုင်း၌ ပါဝင်အောင် စီမံကျွေးမွေးရန် လိုသည်။ ဥပမာ-ဆန်၊ ဂျုံ၊ ပြောင်း၊ အာလူး၊ ပိန်းဥ၊ ကန်စွန်းဥ၊ ပျားရည်၊ သကြားကဲ့သို့သော ကစီဓာတ်နှင့် သီးနှံဆီ၊ တိရစ္ဆာန်ဆီတို့က အင်အားဖြစ်စေပြီး အသား၊ ငါး၊ ပဲ အမျိုးမျိုး၊ ကြက်ဥ၊ ဘဲဥ၊ ငုံးဥ စသည်တို့က ခန္ဓာကိုယ်ကြီးထွားစေသည်။ ဗီတာမင်ဓာတ်နှင့် သတ္တုဓာတ်ကြွယ်ဝသည့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများ၊ အရည်ရွှမ်းသည့်အစားအစာများက ရောဂါကိုကာကွယ်ပေးသည်။ အသက်တစ်နှစ်ပြည့်သည့် အခါတွင်မူ ကလေးမှာ မိသားစုထမင်းဝိုင်းတွင် ပါဝင်စားသောက်နိုင်ပြီဖြစ်ရာ သီးသန့်ပြုစုရန် လိုအပ်တော့မည် မဟုတ်သည့်အတွက် ရက် ၁ဝဝဝ ၏ နောက်ပိုင်းကာလများတွင် သက်သောင့်သက်သာဖြင့် ဆက်လက်ပြုစု ပျိုးထောင်သွားနိုင်သည့် အခြေအနေဖြစ်သည်။

 

အာဟာရချို့တဲ့မှုတွင် စီးပွားရေးကောင်း မကောင်း၊ ပညာတတ်မတတ် စသည်တို့က အဓိကမကျကြောင်း၊ အာဟာရပြည့်ဝအောင် မည်သို့စားသောက်မည်ဆိုသည့် အာဟာရအသိပညာနှင့် ကျွေးမွေးပြုစုစောင့်ရှောက်မှု တို့ကသာ အဓိကကျကြောင်း အာဟာရပညာရှင်များက အသိပေးထားရာ ကိုယ်ဝန်ဆောင်မိခင်တို့ အာဟာရပြည့်ဝ အောင် စားသောက်ရေးနှင့် မိမိတို့ရင်သွေးများကို အာဟာရပြည့်ဝအောင် ပြုစုပျိုးထောင်ရေးတို့ကို ကျေးလက်များ အထိ ပညာပေးလေ့ကျင့်ခြင်းဖြင့် အနာဂတ်တွင် သန်မာထွားကျိုင်းသည့် မျိုးဆက်သစ်များကို မွေးထုတ်ပေးနိုင် ပါစေကြောင်း။   ။

မြန်မာ့အလင်း