တစ်ကမ္ဘာလုံးကြုံတွေ့နေရသော ကိုဗစ်-၁၉ ရောဂါကို မြန်မာနိုင်ငံတွင်လည်း ရင်ဆိုင်ကျော်လွှား ကိုင်တွယ် ဆောင်ရွက်လျက်ရှိရာ သုံးလကျော်ကာလအတွင်း စိန်ခေါ်မှုများကို ပီပြင်စွာရင်ဆိုင်နိုင်ခဲ့ပေသည်။ ဇွန်လ ၂၈ ရက်နေ့အထိ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ ၂၉၉ ဦး၊ ဆေးကုသမှု ခံယူပြီး ရောဂါပိုးကင်းစင်လာသူ ၂၁၈ ဦး သေဆုံးလူနာ ခြောက်ဦးဖြင့် တည်ငြိမ်စွာ ရပ်တည်လျက်ရှိသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ကိုဗစ်-၁၉ နှင့်ပတ်သက်၍ "မလျှော့မတင်း စောင်းကြိုးညှင်းသကဲ့သို့ဆိုတဲ့ အလယ်အလတ်လမ်းကို တည်တည်ငြိမ်ငြိမ်ဆက်ပြီးလျှောက်ကြရမှာပါ။ ဒီလမ်းခရီးမှာ တစ်ယောက်အပေါ် တစ်ယောက်နားလည်မှု၊ စာနာမှုတွေ ပိုပြီးပေးတတ်သွားမယ်ဆိုရင်ကို အမြတ်ကြီးတစ်ခုပါပဲ" ဟု ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် ဇွန်လ ၂၇ ရက်နေ့က ရေးသားဖော်ပြခဲ့သည်။
ကိုဗစ်-၁၉ ရောဂါကို ဆက်လက်ထိန်းချုပ်ဆောင်ရွက်ရန် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စု ဝန်ကြီးဌာနများမှ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် ၂၀၂၀ ပြည့်နှစ် ဇွန်လ ၃၀ ရက်နေ့အထိ ထုတ်ပြန်ထားသော ပြည်သူသို့ ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များ (ဖြေလျှော့/တိုးမြှင့်ရန် လိုအပ်သည့် ကိစ္စရပ်များမပါ) အား ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁၅ ရက်နေ့ အထိရက်တိုးမြှင့် သတ်မှတ်ဆောင်ရွက် ထားကြောင်း ကိုဗစ်-၁၉ ကာကွယ်။ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီမှ ဇွန်လ ၂၇ ရက်နေ့တွင် ထပ်မံအသိပေးခဲ့သည်။
ကိုဗစ်-၁၉ ရောဂါကို နိုင်ငံအများပျံ့နှံ့နေချိန်တွင် ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလကတည်းက စတင်ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံ၌ ကူးစက် လူနာစတင်တွေ့ရှိသည့် ၂၀၂၀ ပြည့်နှစ် မတ်လ ၂၃ ရက်နေ့ မတိုင်ခင်ကတည်းက ရောဂါကာကွယ်၊ ထိန်းချုပ်ရေးကို အလေးထား၍ စနစ်တကျ စီမံဆောင်ရွက်ခဲ့သည်။ ကိုဗစ်-၁၉ ရောဂါကိုကမ္ဘာလုံးဆိုင်ရာကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက မတ်လ ၁၁ ရက်နေ့တွင် အသိပေးပြီးနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ရုံးမှ မတ်လ ၁၃ ရက်နေ့တွင် ပြည်သူသို့ပန်ကြားချက် ထုတ်ပြန်ခဲ့သည်။
ကိုဗစ်-၁၉ ရောဂါသည် လူအများသို့ လျင်မြန်စွာကူးစက်နိုင်သဖြင့် လူစုလူဝေးဖြင့်ကျင်းပသော အခမ်းအနားများ၊ ပွဲလမ်းသဘင်များ မပြုလုပ် ကြရန် အသိပေးခဲ့သည်။ အခမ်းအနားများ၊ ပွဲလမ်းသဘင်များကို ဧပြီလ ၃၀ ရက်နေ့အထိ ကျင်းပခွင့်မပြုဘဲ ရပ်ဆိုင်းထားရေးကို သက်ဆိုင်ရာဌာန များသို့ညွှန်ကြားခဲ့သည်။ ထို့နောက်ဒေသ အလိုက် အသွားအလာကန့်သတ်မှုများ၊ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ၊ ညမထွက်ရအမိန့်များ၊ နေအိမ်တွင်သာနေထိုင်ရေး နှိုးဆော်ချက်များကို ဒေသန္တရအမိန့်များထုတ်ပြန်၍ ဆောင်ရွက်ခဲ့သည်။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုအခြေအနေမှာ ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများနှင့် ၎င်းတို့မှ တစ်ဆင့် ကူးစက်မှု၊ သံသယရှိမှုတို့သာရှိခဲ့ပြီး ပြည်တွင်း၌ ပြည်သူအချင်းချင်းကူးစက်မှု မရှိသလောက် နည်းပါးသည်။ ရောဂါပျံ့နှံ့မှုထိန်းချုပ်ဆောင်ရွက်ရာတွင် ပိုမိုသေချာမှုရှိစေရေးအတွက် ရောဂါရှိသူနှင့် ထိတွေ့ခဲ့သူ၊ သံသယရှိသူများအား ရောဂါထိန်းချုပ်ရေးလုပ်ငန်းစဉ်ဖြင့် အတိအကျဆောင်ရွက်ခဲ့သည်။ ပြည်သူများအား ရောဂါကူးစက်မှုအန္တရာယ် မရှိစေရေးအတွက် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ညွှန်ကြားချက်များကို ၁၅ ရက်တစ်ကြိမ် တိုးမြှင့်၍ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ရာ အစိုးရနှင့်ပြည်သူ ကြည်ဖြူစွာဖြင့် ညီညီညွတ်ညွတ် လက်တွဲဆောင်ရွက်ခဲ့သောကြောင့် ကိုဗစ်-၁၉ ရောဂါကို အတိုင်းအတာ တစ်ခုအထိ ထိန်းချုပ်ထားနိုင်ခဲ့ပြီဖြစ်သည်။ လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါမှာ လုံးဝ အမြစ်မပြတ်သေးသဖြင့် ယခုတိုးတက်မှုများအတိုင်း ဆက်လက်ကြိုးပမ်းသွားပါက ကိုဗစ်-၁၉ ကို ကျော်လွှား အောင်နိုင်မည်သာမက အချင်းချင်းနားလည် စာနာကူညီမှုများ တိုးပွားလာမည် ဖြစ်ပါကြောင်း။ ။
ကြေးမုံ