ပူတာအို   ၂၉   ဇွန်

 

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၏ ၂၀၂၀-၂၀၂၁ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် (GAP) စနစ်ဖြင့် စိုက်ပျိုး ခြင်းကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် ၈နာရီက ပူတာအိုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ဘက်စုံအဆင့်မြင့် နည်းပညာသုံးစံပြကျေးရွာ ပန်းလှိုင်ကွင်း တောင်သူ ဒေါ်စွဲ့ဝါလစ် လယ်မြေ၌ ကျင်းပသည်။

 

ကွင်းသရုပ်ပြပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်က တောင်သူပညာပေးလုပ်ငန်းများကို တိုးချဲ့ ဆောင်ရွက်ခြင်းဖြင့် သီးနှံအထွက်နှုန်း တိုးတက်အောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်းဆွေးနွေးပြီး ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးယောဆီက ဒေသခံတောင်သူများအား ခေတ်မီစိုက်ပျိုးရေး နည်းစနစ်များကို သိရှိလိုက်နာဆောင်ရွက်စေရန် တောင်သူပညာပေးလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့သည်။

 

ဆက်လက်၍ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ဆောင်းက အဆင့်မြှင့်ဘက်စုံစံပြ ကျေးရွာကို ပူတာအိုခရိုင်အနေဖြင့် ပန်းလှိုင်ကျေးရွာကိုရွေးချယ်၍ ဆောင်ရွက်လျက်ရှိကြောင်း၊ တောင်သူ ပညာပေးစံပြကွက်များကိုလည်း တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်းရှင်းလင်းဆွေးနွေးပြီး မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်ထွန်းက တောင်သူများအား မျိုးစပါးနှင့် သွင်းအားစုများကို ထောက်ပံ့ပေးပြီး လုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးသည်။

 

အဆိုပါ GAP စနစ်ဖြင့် စိုက်ပျိုးရာတွင် အလျားပေ(၄၀) အနံ(၃)ပေ ဘောင်စနစ်ဖြင့် ပျိုးထောင်ခဲ့ပြီး ပျိုးသက်(၂၂)ရက်သားတွင်စိုက်ခင်းသို့ ရွှေ့ပြောင်းစိုက်ပျိုးခြင်းဖြင့် အနံပါပင်ပွားများ ကောင်းမွန်စွာ ဖွံ့ဖြိုးလာပြီး စပါးအထွက်နှုန်းတိုးတက်လာမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးထံမှ သိရသည်။

 

ဖုန်ကန်(ပြန်/ဆက်)