လိပ်သို  ၂၉  ဇွန်

 

ကရင်ပြည်နယ်၊ သံတောင်ကြီး မြို့နယ် လိပ်သိုမြို့တွင် မီးဖိုချောင်သုံးပစ္စည်းဖြစ်သည့် ဒေသမျိုးနနွင်းများ ပိုမို စိုက်ပျိုးလာကြသည်။

 

နနွင်းဟုဆိုရာတွင် ဟင်းချက်ရာ၌ ဟင်းခတ်ပစ္စည်းအဖြစ် အသုံးပြုသည့် နနွင်းဝါနှင့် ဆေးဘက်ဝင် နနွင်းခါးဟူ၍ နှစ်မျိုးရှိပြီး နနွင်းဝါကို စီးပွားဖြစ် စိုက်ပျိုးကြခြင်းဖြစ်ကာ နနွင်းခါးကိုမူ တောတောင်များအတွင်း အလေ့ကျ ပေါက်ရောက်မှုမှ ဆေးဖော်စပ်ရန်သာ တူးဖော်ကြသည်။

 

နနွင်းစိုက်ပျိုးရာတွင် မျိုးတစ်ပိဿာလျှင် ငွေကျပ် ၇၀ဝ ဖြင့် ဝယ်ယူ စိုက်ပျိုးကြပြီး တစ်နှစ်လျှင် တစ်ကြိမ် တူးဖော်ရောင်းချကြသည်။ ထိုသို့ ရောင်းချရာတွင် နနွင်းအစို တစ်ပိဿာလျှင် ငွေကျပ် ၄၀ဝ ဖြင့် ရောင်းချရပြီး အခြောက်တစ်ပိဿာလျှင် ငွေကျပ် ၃၀ဝ၀ ဖြင့် ရောင်းချရကြောင်း လိပ်သိုမြို့ အမှတ် (၄) ရပ်ကွက်မှ နနွင်းစိုက် တောင်သူ ဦးသိန်းဇော် ထံမှ သိရသည်။

 

ယခင်ကာလများက အိမ်၌ စားသုံးရန် တစ်ပိုင်တစ်နိုင် စိုက်ပျိုးခဲ့ကြရာမှ ယခုအခါ စီးပွားဖြစ် တိုးချဲ့ စိုက်ပျိုးလာကြခြင်း ဖြစ်သည်။ စီးပွားဖြစ် စိုက်ပျိုးရာတွင် စိုက်ပျိုးမည့်မြေကို တူးဖော်၍ မြေဆွေးထည့်ပြီး ကြိုတင်ပြင်ဆင်ထားကြရသည်။

 

မိုးဦးကျကာလ ရောက်သည့်အခါ မျိုးဥများကို ပင်ကြား တန်းကြား နှစ်ပေစီခြား၍ စိုက်ပျိုးကြသည်။ အပင်များ ထွားလာသည့်အခါ အပင်ခြေရင်းအား မြေဆွေး မြေပုံပေးကြရသည်။ နှစ်စဉ် နိုဝင်ဘာ၊ ဒီဇင်ဘာလများတွင် တူးဖော်ကြရကြောင်း သိရသည်။

 

နွယ်နွယ်ခိုင်(ပြန်/ဆက်)

 

mdn