မန္တလေး ၂၉ ဇွန်

 

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ဆည်တော်ကြီးရေလှောင်တမံမှ မတ္တရာမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊ အမရပူရမြို့နယ်များသို့ ဆည်ရေများပေးဝေလျက်ရှိရာ ဆည်ရေသောက်စနစ်တွင် ပူးပေါင်းပါဝင်ဆည်မြောင်းစနစ်(PM) အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ရေအသုံးချသူများအဖွဲ့ (Water User Group) ကို စတင်ဖွဲ့စည်းခြင်းကို ဇွန်လ ဒုတိယပတ်က အမရပူရမြို့နယ် တမုတ်ဆိုးကျေးရွာ ဓမ္မာရုံတွင် ပြုလုပ်ခဲ့ရာ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန(မန္တလေး)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစံမင်းထွန်းက ဆည်ရေအသုံးချသူများအဖွဲ့ ဖွဲ့စည်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ ဦးစီးအရာရှိ ဦးလှိုင်ထက်ဝင်းက ဆည်မြောင်း ဥပဒေ၊ နည်းဥပဒေ၊ ရေခွန်နှင့် တာတမံခွန်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများက ရေအသုံးချသူများအဖွဲ့ကို ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။

 

ဆည်ရေအသုံးချသူများအဖွဲ့ကို ရေရှည်တွင် တူးမြောင်းအဆောက်အအုံများ ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ပူးပေါင်းပါဝင်ဆည်မြောင်းစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်ဖွဲ့စည်းခြင်းဖြစ်ကြောင်း၊ ရေအသုံးချသူများအသင်း ဆက်လက်ဖွဲ့စည်းနိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်သလို ရေသောက်မြောင်း တစ်ခုချင်းအလိုက်လည်း ရေအသုံးချသူများအဖွဲ့ ထပ်မံတိုးချဲ့ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)