သထုံ ၂၉ ဇွန်

 

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ တောင်သူများအတွက် ကိုဗစ်ကာလ အထူးချေးငွေ (COVID-19 Special Relief Loan) ကို ယနေ့နံနက်မှ စတင်ကာ သထုံမြို့၊ သုဝဏ္ဏခန်းမ၌ စတင်ထုတ်ချေးပေးနေကြောင်း သထုံခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။

 

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေး ကဏ္ဍကို အထိုက်အလျောက် ထိခိုက်မှုများရှိခဲ့သည့်အတွက် ၂၀၂၀ ပြည့်နှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေရရှိသူ တောင်သူလယ်သမားများထံ ယခုကဲ့သို့ ကိုဗစ်-၁၉ အထူးချေးငွေအဖြစ် ထပ်ဆောင်း၍ ပံ့ပိုးထုတ်ချေးပေးခြင်းဖြစ်ကြောင်း ခရိုင်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်လှလှမော်က ပြောသည်။

 

"အရင်ကစိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးရာမှာ သီးနှံအပေါ်မူတည်ပြီး ချေးပေးတာ ယခု ကိုဗစ် အထူးချေးငွေကျတော့ မြေယာ ပိုင်ဆိုင်မှုအပေါ်မူတည်ပြီး ချေးပေးတာ" ဟု ဒေါ်လှလှမော်က ဆက်ပြောသည်။

 

အဆိုပါနေ့တွင် သထုံမြို့နယ်အတွင်းရှိ အနန်းပင်ကျေးရွာနှင့် ဒူးရင်းဆိပ်ကျေးရွာတို့မှ တောင်သူ ၂၉ ဦးအတွက် ကိုဗစ်-၁၉ အထူးချေးငွေများကို သုဝဏ္ဏခန်းမ၌ စတင်ထုတ်ချေးပေးခဲ့သည်။

 

ကိုဗစ်ကာလ အထူးချေးငွေကို တစ်ဧကလျှင် ကျပ် ၅၀ဝ၀ဝ နှုန်းဖြင့် တောင်သူတစ်ဦးလျှင် အများဆုံး ၁၀ ဧက အထိ ထုတ်ချေးပေးခြင်းဖြစ်ပြီး အတိုး ၅ ရာခိုင်နှုန်းဖြင့် မိုးရာသီစိုက်ပျိုးစားရိတ်ချေးငွေ ထုတ်ယူခွင့်ရရှိသူများထံ ဇွန်လမှ စက်တင်ဘာလကုန်အထိ ထုတ်ချေးပေးသွားမည်ဖြစ်သည်။

 

သထုံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် မိုးစပါးစိုက်တောင်သူစုစုပေါင်း ၅၁၁၇ ဦးရှိပြီး မိုးစပါးစိုက်ဧကပေါင်း ၄၅၂၄၇ ဧက အတွက် ကိုဗစ်ကာလ အထူးချေးငွေ ကျပ်သိန်းပေါင်း နှစ်သောင်းနှစ်ထောင်ကျော်ကို ထုတ်ချေးပေးရန် လျာထားကြောင်း ခရိုင်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။

 

သက်ဦး(သထုံ)