ပြည် ၂၉ ဇွန်
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ် လယ်ယာထွက်ကုန်ပစ္စည်း လက္ကားရောင်းဝယ်ရေးအမှတ် (၃) သမဝါယမအသင်းလီမိတက်သည် အသင်းပိုင်လယ်မြေများနှင့် အသင်းသား(၄၆၆)ဦး ပိုင်ဆိုင်သော စုစုပေါင်းလယ်ဧက(၁၆၁၀)ပေါ်တွင် အကျိုးတူ Contract Farming စနစ်ဖြင့် အရည်အသွေး ကောင်းမွန်သော GW-11 စပါးမျိုးကို ယခုနှစ် နွေရာသီတွင် နွေစပါးအဖြစ် စိုက်ပျိုးထုတ်လုပ်ခဲ့ရာ တစ်ဧကလျှင် တင်း ၁၅၀ အထွက်နှုန်းဖြင့် စပါးတင်းပေါင်း (၂၄၁၅၀ဝ)ကို စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့သည်။
သွင်းအားစုအနေဖြင့် ထွန်ယက်ပြီးစီးသည့်အခါ တစ်ဧကလျှင် ကွန်ပေါင်း (၁၅x၁၅x၁၅) ဓါတ်မြေသြဇာတစ်အိတ်၊ စပါးအပင်ပေါက်ပြီး ရက် ၃၀ သားတွင် ယူရီးယားဓါတ်မြေသြဇာ အိတ်တစ်ဝက်၊ စပါးပင်ရက် ၆၀ သားတွင် ယူရီးယားဓါတ်မြေသြဇာအိတ်တစ်ဝက်၊ စပါးပင် ၇၅ ရက် နှင့် ရက် ၈၀ သားတွင် ကွန်ပေါင်း(၁၅x၁၅x၁၅) ဓါတ်မြေသြဇာအိတ်တစ်ဝက်ကို သုံးစွဲရပြီး စုစုပေါင်းလယ်ယာမြေတစ်ဧကလျှင် ဓါတ်မြေသြဇာနှစ်အိတ်ခွဲ သုံးစွဲရပါကြောင်းနှင့် GW-11 စပါး မျိုးကောင်းမျိုးသန့်သည် အပင်အမြင့် ၃ ပေခွဲ၊ အနှံပါအပင်ပွားမှု ၉ ပင် မှ ၁၀ ပင်၊ စပါးနှံအရှည် ၉ လက်မ၊ စပါးနှံတစ်နှံတွင် သီးလုံး ၁၇၅ ခန့် သီးကာ ဆန်အရည်အသွေး ကောင်းမွန်ပြီး စားသုံးရာတွင်လည်း နူးညံ့ကောင်းမွန်သည့် စပါးမျိုးဖြစ်ပါသည်။ ထိုစပါးမျိုးသည် ဇီဝပြုပြင်ထားသော သီးနှံမဟုတ်၍ နွေစပါး မိုးစပါး စိုက်ပျိုးနိုင်သည့်အတွက် ယခုနှစ် မိုးစပါးကို Contract Farming စနစ်ဖြင့် သမဝါယမအသင်းသားများ ပိုင်ဆိုင်သော လယ်ယာမြေဧက (၅၀ဝ၀)ပေါ်တွင် တိုးချဲ့စိုက်ပျိုး ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
(သတင်းစဉ်)


