၂၉ ဇွန်

 

 

ဗြိတိန်နိုင်ငံ အလယ်ပိုင်းရှိ လက်စတာမြို့မှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ များပြားလာတဲ့အတွက် အသွားအလာ ကန့်သတ်မှုများ ပြန်လည်ပြဌာန်း လာနိုင်ကြောင်း ပြည်ထဲရေးဝန်ကြီးက မနေ့က (တနင်္ဂနွေနေ့) ပြောကြားပါတယ်။

 

 

လက်စတာမြို့မှာ ဇွန် ၁၆ နေ့အထိ သီတင်းနှစ်ပတ် အတွင်းမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၆၃၈ ဦး ရှိကြောင်း၊ ဗိုင်းရပ်စ်ပိုးကူးစက်တဲ့ ဗဟိုချက်ဟာ အစားအစာ ထုတ်လုပ်ရာ လုပ်ငန်းခွင်နဲ့ ဆက်နွယ် နေနိုင်ကြောင်း သိရပါတယ်။

 

 

ဒေသတွင်း ကူးစက်မှု ဖြစ်တဲ့အတွက် ဒေသတွင်းမှာပဲ ဗိုင်းရပ်စ်ပိုး ကူးစက်မှုကို ထိန်းချုပ်ရန် တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာ နေရေးဆော်ဩခြင်းနဲ့ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူတွေနဲ့ ဆက်နွှယ်သူတွေပါ ဗိုင်းရပ်စ်ပိုး စစ်ဆေးသွားခြင်းတွေကို လုပ်ဆောင်သွားမယ်လို့ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

 

 

လူဦးရေ ၃၄၀,ဝ၀ဝ နီးပါးနေထိုင်တဲ့ လက်စတာမြို့ကို ဒီသီတင်းပတ် အတွင်းမှာ ဒေသတွင်း အသွားအလာ ကန့်သတ်တာမျိုး လုပ်ဆောင်နိုင်တယ်လို့ Sunday Times သတင်းစာမှာ ရေးသားထားပါတယ်။

 

 

လက်စတာ အရှေ့ပိုင်းရဲ့ လွှတ်တော်ကိုယ်စားလှယ် ကလော်ဒီယာ ဝက်ဘီက ဒေသဟာ ဆင်းရဲခြင်း၊ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူများလာခြင်းနဲ့ လူမျိုးစုံနေထိုင်မှု မြင့်မားခြင်း စတဲ့ အချက်အလက် အစုံကို တွေ့ရှိရပေမယ့် ဘာကြောင့် အသွားအလာ ကန့်သတ်မှု မလုပ်သေးတာလဲဆိုတာ မသိကြောင်း ပြောပါတယ်။ 

 

 

ဗြိတိန်အစိုးရက ဇူလိုင် ၄ ရက်နေ့ကစပြီး စားသောက်ဆိုင်တွေ၊ အလှပြင်ဆိုင်တွေနဲ့ pub တွေပါ ပြန်ဖွင့် ရည်မှန်းထားပါတယ်။

 

 

ပြီးခဲ့တဲ့ ရက်ပိုင်းက ထောင်ချီတဲ့လူတွေက တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေရေး စည်းမျဉ်းတွေကို အလေးမထားဘဲ ကမ်းခြေတွေနဲ့ လမ်းမတွေပေါ်မှာ လူစုလူဝေးတွေ လုပ်တာမျိုး လုပ်ဆောင်ခြင်း၊ လီဗာပူး ဘောလုံးအသင်းကို အားပေးသူတွေကလည်း ပရီးမီးယားလိဂ်ဖလား ရရှိတဲ့အတွက် အောင်ပွဲခံခြင်းတွေ လုပ်ဆောင်တာကိုလည်း တွေ့ရပါတယ်။

 

 

ပညာရှင်တွေက လာမယ့် ဆောင်းတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်မှု ဒုတိယလှိုင်းဖြစ်မှာကို စိုးရိမ်တဲ့ အတွက် ဇွန်လအစောပိုင်းက သတိပေးမှုတွေ လုပ်ဆောင်နေပါတယ်။

 

 

ဗြိတိန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၄၃,၅၅၀ ရှိပြီး ဗိုင်းရပ်စ်ကူးစက်သူ ၃၁၁,၁၅၁ ဦး ရှိကြောင်း သိရပါတယ်။

 

 

MDN

ကိုးကား - AFP