မုံရွာ   ၂၉   ဇွန်

 

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ငါးဖမ်းရာသီအတွက် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်အတွင်း အင်း (၂)လုံး၊ တင်ဒါငါးဖမ်းကွက်(၁)ခုအား တတိယအကြိမ်အဖြစ် ရောင်းချပေးခဲ့ကြောင်း မုံရွာခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယ တိုင်းဒေသကြီးဦးစီးမှူး ဦးထွန်းထွန်းဦး ထံမှ သိရသည်။

 

မုံရွာခရိုင်အတွင်းရှိ အင်းများကို ယနေ့တွင် တတိယအကြိမ်အဖြစ် ထပ်မံရောင်းချခဲ့ရာ အင်း(၂)လုံးမှ အခွန်ငွေကျပ် ၁၁၀၁၅၀ဝ၀ နှင့် တင်ဒါငါးဖမ်းကွက်(၁)ကွက်မှ အခွန်ငွေကျပ် ၃၇၅၀ဝ၀ အား ရရှိခဲ့ကြောင်း သိရသည်။

 

“ခရိုင်အတွင်းမှာ ငါးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ ငါးမျိုးပြုန်းတီးမှုကို ကာကွယ်တားဆီး စောင့်ရှောက်ရေး၊ ရေချိုငါးလုပ်ငန်းရေပြင်များပျက်စီးခြင်းမှ ကာကွယ်စောင့်ရှောက်ရန်၊ တိုင်းဒေသကြီးဘဏ္ဍာ ငွေအတွက် ရသင့်ရထိုက်သော အခွန်အခများရရှိစေရန်၊ ငါးလုပ်ငန်းများကို ဥပဒေနဲ့အညီ စီမံခန့်ခွဲပေးခြင်းနှင့် အရေးယူဆောင်ရွက်ခြင်းပြုနိုင်စေရန်၊ တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ ငါးသယံဇာတများကို ဈေးနှုန်း ချိုသာစွာဖြင့် စားသုံးနိုင်ရန်နဲ့ ရပ်ရွာအခြေပြု ငါးလုပ်ငန်းအစုအဖွဲ့များ စနစ်တကျဖွံ့ဖြိုးတိုးတက်လာစေဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ခရိုင်အတွင်းမှာရှိတဲ့ အင်းတွေနဲ့ တင်ဒါငါးဖမ်းကွက်တွေကို ပထမအကြိမ် ကနေစပြီး ရောင်းချပေးတာ အခုအချိန်အထိကို အင်းအလုံးနဲ့ တင်ဒါငါးဖမ်းကွက်အတော်များများကို ရောင်းချပေးပြီး ဖြစ်ပါတယ်၊ ကျန်နေတဲ့ အင်းနဲ့တင်ဒါ ငါးဖမ်းကွက်တွေကိုလည်း ဆက်ပြီးရောင်းချပေးသွားမှာ ဖြစ်ပါတယ်” ဟု မုံရွာခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယ တိုင်းဒေသကြီးဦးစီးမှူး ဦးထွန်းထွန်းဦးက ပြောသည်။

 

မုံရွာခရိုင်အတွင်း အင်း (၁၃)လုံးနှင့် တင်ဒါငါးဖမ်းကွက် (၁၃)ခုရှိရာ ပထမအကြိမ်မှ တတိယအကြိမ် အထိ အင်း(၉)လုံးနှင့် တင်ဒါငါးဖမ်းကွက် (၉)ကွက်ကိုရောင်းချပေးပြီးခဲ့ရာ ၎င်းတို့မှ စုစုပေါင်းအခွန်ငွေ (၃၃၈၈၅၀ဝ၀)ကျပ် ရရှိခဲ့ကြောင်းနှင့် ကျန်ရှိသောအင်း(၄)လုံးနှင့် တင်ဒါငါးဖမ်းကွက်(၄)ခုတို့အား ငါးဖမ်းရာသီအမီ ဆက်လက်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)

 

mdn