ပွင့်ဖြူ ၂၉ ဇွန်
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ် အခွင့်အရေးလုပ်ငန်းလိုင်စင်များ လေလံရောင်းချသွားနိုင်ရေးအတွက် အကြိုလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇွန် ၂၉ ရက်၊ နံနက် ၁၀ နာရီခွဲက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မျိုးဆက်က ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် လေလံတင် ရောင်းချမည့် အရပ်ရပ်အခွင့်အရေးလိုင်စင်များနှင့် ပက်သက်ပြီး အောင်မြင်စွာ ရောင်းချနိုင်ရေးအတွက် တက်ရောက်လာသူများမှ ဝိုင်းဝန်း အကြံပြုဆွေးနွေးကြရန် ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဒေါ်ဆွေဆွေဝင်းက အရပ်ရပ်အခွင့်အရေးလိုင်စင်များ ရောင်းချရာတွင် လိုက်နာရန်စည်းကမ်းချက်များနှင့် စပ်လျဉ်းပြီး ချပြရှင်းလင်း ဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာသူများက ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ အရပ်ရပ် အခွင့်အရေးလုပ်ငန်းလိုင်စင်များ အောင်မြင်စွာ လေလံရောင်းချနိုင်ရေးအတွက် ဆောင်ရွက်လိုသည့် ကိစ္စရပ်များကို ဝိုင်းဝန်း အကြံပြုဆွေးနွေးကြပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်းက တက်ရောက်လာသူများ၏ အကြံပြုဆွေးနွေးချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်းနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဒေါ်ဆွေဆွေနှင့် ဝန်ထမ်းများ တက်ရောက်ပါဝင် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


