ဘားအံ  ၂၉  ဇွန်

 

ကိုဗစ် ၁၉ ကာလစီးပွားရေးသက်ရောက်မှုအပေါ် ပြည်သူလူထုနှင့် အသေးစား စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများ ထိခိုက်ဆုံးရှုံးမှု လျော့နည်းသက်သာစေရေးအတွက် နိုင်ငံတော်အစိုးရ၏အစီအမံဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ Cash For Work စီမံကိန်းနှင့် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်းတို့ကို အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ရာ ကရင်ပြည်နယ်ရှိ ကျေးရွာပေါင်း ၁၆၀ တွင် ထိုစီမံကိန်း(၂)ခုကို အကောင် အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်သည်။

 

ကရင်ပြည်နယ်အတွင်း Cash For Work စီမံကိန်းကို ကျေးရွာတစ်ရွာလျှင် ငွေကျပ်(၁၀)သန်းနှုန်းဖြင့် ရွာပေါင်း (၁၁၀)တွင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျေးရွာမတည် ရန်ပုံငွေ စီမံကိန်းဖြင့်  အိမ်ခြေ(၁၀ဝ)နှင့် အထက် ကျေးရွာ(၂၅)ရွာကို တစ်ရွာလျှင်ငွေကျပ်သန်း(၃၀)၊ အိမ်ခြေ (၅၀)နှင့် အထက်မှ (၁၀ဝ)ကြား ကျေးရွာ (၁၅)ရွာကို ငွေကျပ် သန်း(၂၀)၊ အိမ်ခြေ(၅၀)နှင့်အောက် ကျေးရွာ (၁၀)ရွာကို ငွေကျပ် ၁၀ သန်း နှုန်းဖြင့် စုစုပေါင်း ကျေးရွာ(၅၀)တွင် အကောင်အထည်ဖော် ဆောင်ရွက်ရန် လျာထားပြီးဖြစ်သည်။

 

mdn

 

Cash  For Work  စီမံကိန်းကို ဆောင်ရွက်ရာတွင် နယ်ပယ်စုံချို့တဲ့မှုညွှန်းကိန်း(MDI) များသည့် ကျေးရွာအုပ်စု များအတွင်းရှိ ကျေးရွာများကိုသာ ဦးစားပေးရွေးချယ်သွားမည်ဖြစ်ပြီး ကျေးရွာမတည် ရန်ပုံငွေ စီမံကိန်းကိုလည်း ကျေးရွာရွေးချယ်ရာတွင် ၂၀၁၄ ခုနှစ်က ကောက်ခံထားသည့် သန်းခေါင်စာရင်းအရ လုပ်ကွက်ငယ်တောင်သူများ၊ အသေးစား စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်သူများ၊ လက်ရှိတွင် ကိုဗစ် ၁၉ ကြောင့် စီးပွားရေးရပ်တန့်နေပြီး အရင်းအနှီးအနည်းငယ် လိုအပ်သည့် အသေးစား စီးပွားရေးလုပ်ငန်းရှင်များနှင့် စီးပွားရေးအလားအလာရှိသည့် လုပ်ငန်းများကို ချေးငွေထုတ်ချေး ပေးရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိရာ အသေးစား စီးပွားရေး လုပ်ငန်းလုပ်ကိုင်သူ အများဆုံးရှိသည့် ကျေးရွာအုပ်စုများရှိ ကျေးရွာများကို  ရွေးချယ်သွားမည်ဖြစ်သည်။

 

 “ဒီစီမံကိန်းနှစ်ခုဟာ အဓိကအားဖြင့်တော့ ငွေကြေးထောက်ပံ့တဲ့ ကာလတိုစီမံကိန်းတွေဖြစ်ပါတယ်၊ လတ်တလော စားဝတ်နေရေး အဆင်ပြေအောင် Cash For Work (CSW) လုပ်ငန်းတွေလုပ်ပါတယ်၊ သူ့ရဲ့လုပ်အားခပေါ် မူတည်ပြီးတော့မှ ငွေကြေး(အခကြေးငွေ)ပေးတာဖြစ်တဲ့အတွက် Cash For Work ဆိုတဲ့နာမည်နဲ့အညီဘဲ ကျေးရွာ မှာရှိတဲ့ ပြည်သူတွေလက်ထဲကို သူ့လုပ်အားခနဲ့ ညီမျှတဲ့ ငွေကြေးကို ထည့်ပေးခြင်းအားဖြင့် လတ်တလောစားဝတ် နေရေး အဆင်ပြေအောင်ဆောင်ရွက်နိုင်မယ်၊ ပြီးလို့ရှိရင်လည်း ကျွန်တော်တို့ ဒီကျေးရွာမတည်ရန်ပုံငွေစီမံကိန်းအရ ယခင် မြစိမ်းရောင်စီမံကိန်းလို ဆင်းရဲနွမ်းပါးမှုမဟုတ်ဘဲနဲ့ လက်ရှိကျေးရွာထဲမှာရှိတဲ့ လုပ်ကွက်ငယ်တောင်သူတွေရဲ့ ရင်းနှီးမြှုပ်နှံမှုကို လတ်တလောအဆင်ပြေသွားစေမယ်ဆို့တဲ့ အကျိုးရလဒ်ကို ရရှိစေမှာဖြစ်ပါတယ် ဟု ကရင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းဇော်ချစ် က ပြောသည်။

           

Cash For Work စီမံကိန်းအနေဖြင့် ကာလတိုစီမံကိန်းဖြစ်သည့်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်တွင် စီမံကိန်းကာလ ၃ လသာကျန်တော့ပြီး ထိုကာလတွင် Cash For Work ပေးချေနိုင်မည့် လုပ်ငန်းများကို ရွေးချယ် ရမည်ဖြစ်သည်။ တစ်ပြိုင်နက်တည်းတွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ၁၀ နှစ် စီမံကိန်းသတ်မှတ်ထားကာ ကမ္ဘာ့ဘဏ်၏ချေးငွေဖြစ်သည့်အတွက် ၁၀ နှစ် ပြည့်လျှင် အရင်းပြန်ဆပ်ရမည်ဖြစ်ပြီး ကော်မတီသက်တမ်းအနေဖြင့် ကျေးရွာကော်မတီသည် ၅ နှစ်တစ်ကြိမ် ဖွဲ့စည်းဆောင်ရွက်မည်ဖြစ်သည့်အတွက် ကော်မတီသက်တမ်း ၂ ကြိမ် (၁၀)နှစ်ပြည့်လျှင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းကာလ ပြီးဆုံးမည်ဖြစ်သည်။

 

ယခုအခါ ပိုင်းလော့ပရောဂျက်လုပ်ငန်းများ ဆောင်ရွက်နေပြီး သုံးသပ်ချက်၊ အကြံပြုချက်များ၊ ဖြေရှင်းရမည့် ကိစ္စရပ်များ ပေါ်ပေါက်လာမည်ဖြစ်ပြီး ရရှိလာသည့်အတွေ့အကြုံကိုယူ၍ သုံးလအတွင်း ဆောင်ရွက်မည့် ကျေးရွာ ၁၁၀ တွင် အသုံးပြုကာ အောင်မြင်အောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့နည်းတူ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းကို ကျေးရွာများသို့ကွင်းဆင်း၍ ကျေးရွာနေ ပြည်သူများ နားလည်စေရန် စည်းရုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကိုဗစ် ကာလဖြစ်သည့်အတွက် ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်သွားရန်လိုအပ်ပြီး ပြည်သူတို့၏လိုလားချက် ကျေးရွာ အုပ်စုတို့၏ တောင်းဆိုချက် အမှန်တကယ်အကျိုးရှိသည့်အပေါ်မူတည်၍ နောက်နှစ်ဘတ်ဂျက်များတွင် Cash For Work စီမံကိန်းကို ဆောင်ရွက်သွားဖို့အစီအစဉ်ရှိပါကြောင်း၊ အလားတူ ကျေးရွာမတည် ရန်ပုံငွေ စီမံကိန်းကို လတ်တလောကိုဗစ် ၁၉ ကာလ စီးပွားရေးသက်ရောက်မှုအပေါ် ထိခိုက်မှု သက်သာစေရေး စီမံချက်အရ ဆောင်ရွက်ခြင်းဖြစ်သော်လည်း အကျိုးဖြစ်ထွန်းပက ၁၀ နှစ်ကျော်သော်လည်း ထိုစီမံကိန်းကို ဆက်လက်ဆောင်ရွက်ရန် အလားအလာများရှိကြောင်း   ကရင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူးရုံးမှ သတင်းရရှိသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)