မန္တလေး ၂၉ ဇွန်
အင်း၀တံတားပေါ်မှ ခုန်ချရန် ကြံစည်ခဲ့သည့် အမျိုးသားတစ်ဦးကို လှည့်ကင်းရဲတပ်ဖွဲ့မှ ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ အမျိုးသားသည် မန္တလေးတက္ကသိုလ် ဘူမိဗေဒမှ (စတုတ္ထနှစ်)ကျောင်းသားတစ်ဦးဖြစ်ပြီး ဇွန် ၂၈ ည ဆယ်နာရီခွဲခန့်က စစ်ကိုင်းမြို့၊ အင်း၀တံတား ငါးကုန်းနှင့် ခြောက်ကုန်းကြား နေရာတွင် တံတားပေါ်မှ ခုန်ချရန်ကြံစည်ခဲ့ရာမှာ စစ်ကိုင်းမြို့၊ မြို့မရဲစခန်းမှ ဒုရဲအုပ်အေးသက်မောင် ဦးစီးသော လှည့်ကင်းတပ်ဖွဲ့မှ အချိန်မီ ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။
"မနေ့ည ဆယ်နာရီကျော်လောက်က ကျွန်တော်တို့ အင်း၀တံတားပေါ် လှည့်ကင်းလှည့်ချိန် ဆိုင်ကယ်ပေါ် မတ်တပ်ရပ်ပြီး တံတားလက်ရန်းကို တက်ဖို့လုပ်နေတာမြင်လို့ တံတားထိပ်ကနေ ဆိုင်ကယ်ကို အမြန်မောင်းပြီး သူရှိတဲ့နေရာဆီ သွားပြီး သူစိတ်ပြေအောင်အားပေး စကားတွေပြောခဲ့တယ်။ နောက်စခန်းကိုခေါ် သူ့မိဘတွေကို အကြောင်းကြားခဲ့ပြီး လက်ရောက် အပ်နှံခဲ့ပါတယ်" ဟု စစ်ကိုင်းမြို့မရဲစခန်းမှ ဒုရဲအုပ်အေးသက်မောင် ကပြောကြားသည်။
အဆိုပါ အမျိုးသားမှာ မိသားစုပြဿနာကြောင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ ကြိုးစားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
အင်း၀တံတားနှင့် ရတနာပုံတံတား ပေါ်မှခုန်ချသက်သေမှုများ ရှိလာသောကြောင့် စစ်ကိုင်းမြို့နယ် ရဲတပ်ဖွဲ့မှ အဆိုပါတံတားနှစ်စင်းတွင် လှည့်ကင်း၊ ပတ်ကင်းများချ၍ စောင့်ကြည့်နေရကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်အတွင်းကလည်း အင်းဝတံတား (စစ်ကိုင်း)ပေါ်မှ ဧရာဝတီမြစ်အတွင်း ခုန်ချသေဆုံးမှု (၅)ကြိမ်၊ ဧရာဝတီတံတား (ရတနာပုံ)ပေါ် မှ ဧရာဝတီမြစ်အတွင်း ခုန်ချသေဆုံးမှု နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး ယခုနှစ် ၂၀၂၀ ပြည့်နှစ်အတွင်း ဧရာဝတီတံတား (ရတနာပုံ)ပေါ် မှ ခုန်ချသေဆုံးမှု တစ်ကြိမ်၊ အင်း၀တံတားပေါ်မှ အမွှာညီအမနှစ်ဦး ခုန်ချသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ စစ်ကိုင်း ထံမှ သတင်းရရှိသည်။
ဖြိုးအိ


