ရေနံချောင်း ၂၉ ဇွန်
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ပြည်ထောင်စုဘတ်ဂျက်ငွေ သိန်း ၃၀၀ ကျပ်ဖြင့် မျိုးကောင်းမျိုးသန့် ဒေသနွား(နွားမ)မွေးမြူရေးလုပ်ငန်းများကို မွေးမြူရေး ဘဏ်စနစ်ဖြင့် မာန်မြေကျေးရွာအုပ်စု မာန်မြေကျေးရွာ(အရှေ့စု)တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“လုပ်ငန်းတွေအမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့အတွက် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်ဝင်းနဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေက ကြီးကြပ်ပြီးတော့ ကော်မတီတွေ ဖွဲ့စည်းထားပြီးပါပြီး။ ငွေကျတာနဲ့ ကြမ်းခင်းဈေးတွက်ချက်ပြီးတော့ နွားမွေးမြူမည့်သူတွေကို ခွဲဝေပေးမှာပါ။ မျိုးကောင်းမျိုးသန့်နွား (နွားမ)များ ဝယ်ယူတဲ့နေရာမှာလည်း ဝယ်ချင်တဲ့နေရာက ဝယ်လို့ မရပါဘူး။ တင်ဒါအောင်မြင်တဲ့နွားခြံတွေက နွားမဒန်း သို့မဟုတ် ဇီးရှိတဲ့နွားမများကိုသာ ကျေးရွာပြည်သူ များကိုယ်တိုင် ဝယ်ယူမွေးမြူရမှာဖြစ်ပြီး သုံးနှစ်ကို တစ်ကြိမ် ၎င်းတို့ဝယ်ယူခဲ့သည့်အတိုင်း နွားမဒန်း သို့မဟုတ် ဇီးရှိတဲ့နွားမများကို မွေးမြူရေးဘဏ်စနစ်အတိုင်း နောက်ထပ်ပြည်သူတွေကို လက်ဆင့်ကမ်း မွေးမြူစေမှာ ဖြစ်ပါတယ်”ဟု မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာထွန်းထွန်းဦးက ဇွန် ၂၉ ရက်က ပြောသည်။
အဆိုပါ မွေးမြူရေးဘဏ်စနစ်ဖြင့် မျိုးကောင်းမျိုးသန့် ဒေသနွား(နွားမ) မွေးမြူရေးလုပ်ငန်းကို ပြည်ထောင်စု ဘတ်ဂျက်ငွေ သိန်း ၃၀၀ ကျပ်ဖြင့် ရေနံချောင်းမြို့နယ်တွင် ယခုနှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပြီး နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက် (၁/၂၀၁၇)နှင့်အညီ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများအတိုင်း တင်ဒါစနစ်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ကိုစိုးကြီး


