တောင်ကြီး ၂၉ ဇွန်
ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံရေးကော်မတီအနေဖြင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း အခြေခံပြည်သူများ စားနပ်ရိက္ခာအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ပါဝင်သည့် စားနပ်ရိက္ခာ ထုပ်များအား တောင်ကြီးမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများနှင့် ပရဟိတကျောင်းသို့ စားနပ်ရိက္ခာများသို့ လှူဒါန်းလျက်ရှိသည်။
ယင်းသို့ သွားရောက်လှူဒါန်းရာတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စည်ပင်ဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်သန်းငွေနှင့် ဦးနေမျိုး၊ ခရိုင်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကမ္ဘောဇဘဏ် နာယက ဦးအောင်ကိုဝင်း၊ အကြီးတန်းအုပ်ချုပ်မှုဒါရိုက်တာ ဦးညိုမြင့်နှင့် တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်ပြည်သူလူထု စားနပ်ရိက္ခာ ထောက်ပံ့ရေး ကော်မတီမှ တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့ပေါ်ရှိ စိန်ပန်းရပ်ကွက်ရှိ အောင်မြေ ဘုံစံဘုန်းကြီးကျောင်းရှိ ဆရာတော်၊သံဃာတော်များ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားချိန် ကာလဆွမ်း၊ ကွမ်းအခက်အခဲမရှိစေရေးအတွက် ဆန်၊ ဆီနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများကို လည်းကောင်း၊ ချမ်းသာရပ်ကွက်ရှိ သိမ်တောင်ပရိယတ္တိ စာသင်တိုက်သို့ ဆန်၊ ဆီနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများကိုလည်းကောင်း ဆက်ကပ်လှူဒါန်းကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် စဝ်စံထွန်းရပ်ကွက်ရှိ မူလမင်းကွန်းကျောင်း၊ ကန်အောက်ရပ်ကွက်ရှိ မင်းကျောင်းဘုန်းကြီးကျောင်းနှင့် သစ်တောရပ်ကွက်ရှိ မဟာပုဗ္ဗာရုံကံဦး ပရိယတ်တိစာသင်တိုက်သို့ ဆန်၊ ဆီ၊ လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် ရေအေးကွင်းရပ်ကွက်ရှိ ဒေါ်ကြီး ဒေါ်ငယ်လူငယ်ဖွံ့ဖြိုးရေး ပရဟိတကျောင်းသို့ ဆက်လက်သွားရောက်ကာ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူ (၁၃၀)တို့အား ဆန်၊ ဆီ၊ ဆားနှင့် ကုလားပဲများ ပါဝင်သည့် စားနပ်ရိက္ခာထုပ်များ၊ ဗီတာမင်စီ အချိုရည်ဘူးများနှင့် တစ်ဦးလျှင် ငွေကျပ် (၁၀၀၀၀)စီတို့အား ကိုဗစ် -၁၉ ရောဂါဖြစ်ပွားနေချိန်ကာလ အထောက်အကူပြုစေရန် ရည်ရွယ်၍ ထောက်ပံ့ပေးအပ် လှူဒါန်းကြသည်။
ထို့အပြင် ကမ္ဘောဇဘဏ်နာယက ဦးအောင်ကိုဝင်းက အဆိုပါကျောင်းဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေကျပ်သိန်း(၂၀၀) ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
စိုးညွန့်ရွှေ (ပြည်နယ် ပြန်/ဆက်)


