ပခုက္ကူ ၂၉ ဇွန်
ပခုက္ကူကွန်ပျူတာတက္ကသိုလ် တည်ဆောက်စဉ်က ပါဝင်သောမြေယာများအတွက် မြေယာနစ်နာကြေး ပေးအပ်ပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက ပခုက္ကူမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးပိုက်ကိုက အဖွင့်အမှာစကား ပြောကြားပြီး ပခုက္ကူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ဆောင်နှင့် ကွန်ပျူတာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်တင်သိန်းတို့က မြေယာပြန်လည်စိစစ်ရေး၊ မြေနေရာတွင် ပါဝင်ခဲ့သည့် တောင်သူများအတွက် နစ်နာကြေးပေးအပ်မှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ကွန်ပျူတာတက္ကသိုလ် (ယခင်) နေရာအား ၂၀၀၁ ခုနှစ် တည်ဆောက်ခဲ့စဉ်က တောင်သူ (၇) ဦးထံမှ မြေ ၁၄ ဒသမ ၉၉ ဧကပါဝင်ခဲ့ပြီး အဆိုပါမြေယာများအတွက် နစ်နာကြေး ၄၄၉ ဒသမ ၇ သိန်းအား တာဝန်ရှိသူများက တောင်သူများထံ ပေးအပ်ခဲ့သည်။
မြေယာနစ်နာကြေး ပေးအပ်ပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပိုက်ကို၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမြမင်းဆွေ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်နီနီဝင်း၊ ပခုက္ကူခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်အံ့မောင် နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကိုတမာ(ပြန်/ဆက်)


