နေပြည်တော်  ၂၉  ဇွန်

အားကစားအဖွဲ့ချုပ်အလိုက် နည်းပြတစ်ဦးချင်းစီ၏ အရည်အချင်း တိုးတက်စေရေးနှင့် နည်းပြများ၊ နည်းပြချုပ်၊ နည်းပြ၊ Trainer Helper များ အတည်ပြုသတ်မှတ်နိုင်ရေး တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်ရှိ အားကစားနှင့် ကာယပညာဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပသည်။

 

အဆိုပါအစည်းအဝေးသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးသိန်းထွန်းလတ်၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦးနှင့် ညွှန်းကြားရေးမှူးများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ ဒုတိယဝန်ကြီးက မြန်မာအားကစားဖွံ့ဖြိုးတိုးတက်ရန် အားကစားနည်းအလိုက် နည်းပြများ အရည်အသွေးသည် အသက်သွေးကြောပင်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ နည်းပြများ စွမ်းဆောင်ရည်များကို ပြန်လည်ဆန်းစစ်၍ Level အဆင့်သတ်မှတ်ကာ ဆက်လက် လုပ်ဆောင်ရမည် ဖြစ်ပါကြောင်း၊ နည်းပြများသည်  Teaching Skill သင်ကြားမှုအားနည်းပါကြောင်း Training Programe ရေးဆွဲတတ်စေရေးအတွက် (၁)လ သင်တန်းများတွင် အဓိကထားသင်ကြားနေမည် ဖြစ်ပါကြောင်း၊ မကြာခင် နည်းပြ (၃)လ သင်တန်းဖွင့်လှစ်ရန် ရည်ရွယ်ထားပါကြောင်း၊ နည်းပြ(၁)နှစ်သင်တန်း Diplomer အဆင့်သတ်မှတ်ပြီး ဖွင့်လှစ်ရန် သင်ရိုးညွှန်းတန်းရေးဆွဲနေပြီဖြစ်ပါကြောင်း၊ အဆိုပါ(၁)နှစ် သင်တန်းတက်ရောက်နိုင်ရေးအတွက် နည်းပြများဝင်ခွင့်သင်တန်း ဖြေဆိုရမည်ဖြစ်ပြီး     အောင်မြင်သူများကို တက်ရောက်စေမည်ဖြစ်ပါကြောင်း၊ နည်းပြ(၁)နှစ်သင်တန်းကို Bsc sports သင်တန်းနှင့် တွဲဖက် တက်ရောက် ရမည်ဖြစ်ပါကြောင်း၊ အားကစားသမားဘဝမှ နည်းပြလိုင်းသို့ ကူးပြောင်းပြီး နည်းပြ လုပ်ကိုင်ချင်သူများကို သီးခြားရွေးချယ်ပြီး သင်ကြားမှုအခြေခံလေ့ကျင့်ရေး သဘောတရားများ အားကစားသမားများအား စိတ်ပိုင်းဆိုင်ရာ နားလည်မှုရှိစေရေး စသည်တို့ကို လေ့ကျင့်ပေးစေလိုကြောင်း နိုင်ငံတကာ၌လည်း အားကစားနည်းပြများအား Level အလိုက် အဆင့်သတ်မှတ် လုပ်ကိုင်ဆောင်ရွက်နေပါကြောင်း၊ နည်းပြသင်တန်းပို့ချရာတွင် လိုအပ်သော သင်ထောက်ကူ ပစ္စည်းများထောက်ပံ့ရန်လိုအပ်ပါကြောင်း၊ ရန်ကုန်မြို့၌ ကျင်းပပြုလုပ်သည့် အားကစားအဖွဲ့ချုပ် တစ်ခုချင်းစီ၏ နည်းပြအရည်အချင်းသတ်မှတ် ဆွေးနွေးမှုများကို ယခုအစည်းဝေးတွင် တင်ပြရန်လိုအပ်ပါကြောင်း၊ အစည်းဝေးတက်ရောက်လာကြသူများမှ လိုအပ်သော အကြံဉာဏ်များ ရယူဝိုင်းဝန်းဆွေးနွေးကြစေလိုကြောင်း၊ နိုင်ငံတကာ အားကစားနည်းပြများတွင် (Service Book) သတ်မှတ်ပေးထားပြီးနည်းပြတစ်ဦးချင်းစီ၏ ပြိုင်ပွဲတွင်ပါဝင်၍ နည်းပြ ဆောင်ရွက်မှု မှတ်တမ်း၊ သင်တန်းတက်ရောက်မှု မှတ်တမ်းထားရှိ၍ ဆောင်ရွက်နေပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိတို့နည်းပြများ အရည်အချင်းမြှင့်တင်ဆောင်ရွက် ရန်ဦးစားပေး လုပ်ဆောင်ရမည်ဖြစ်ပါ ကြောင်း၊ နည်းပြပိုင်းအရည်အသွေး မြှင့်တင်ပြီးပါက မျိုးဆက်သစ် အားကစားသမားများရရှိရေး ဆက်လက်အကောင်ထည်ဖော်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ နည်းပြ၊ အားကစားသမား ရရှိပြီးပါက စီမံအုပ်ချုပ်မှုအပိုင်းမှ မြန်မာအားကစား အောင်မြင်ရေးတွင် ဆက်လက် အကောင်ထည်ဖော် ဆောင်ရွက်ရမည်ကို စီမံချက်ရေးဆွဲ ကြိုးစားဆောင်ရွက် ကြရမည် ဖြစ်ပါကြောင်း ယနေ့အစည်းဝေးမှ နည်းပြအရည်အသွေးတိုးတက်ရေး Level သတ်မှတ်ရေးကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြ စေလိုပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက ရန်ကုန်မြို့၌ ဇွန် (၂၅)ရက် နှင့်(၂၆)ရက်များတွင် အားကစားအဖွဲ့ချုပ်(၃၁)ဖွဲ့မှ ကိုယ်စားလှယ်(၅၁)ဦးနှင့်တွေ့ဆုံ၍ အားကစား နည်းအလိုက် နည်းပြချုပ်၊ နည်းပြ၊ လက်ထောက်နည်းပြ၊ အကူနည်းပြများ သတ်မှတ်နိုင်ရေး အားကစားနည်းအလိုက် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများတွင် သင်ကြားနိုင်ရေး၊ သင်ရိုးညွှန်းတန်းရေးဆွဲနိုင်ရေး၊ ပြည်ပသို့နည်းပြများသင်တန်းစေလွှတ်နိုင်ရေး အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများသို့ အားကစားနည်းအလိုက် နည်းပြများစေလွှတ်နိုင်ရေး စသည်တို့ကို အသေးစိတ်ညှိနှိုင်းဆွေးနွေးမှုများ ပြန်လည်တင်ပြဆွေးနွေးသည်။

 

ထို့နောက် ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)မှ ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်နှင့် ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ(၂)မှ ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုးတို့က  အားကစား အဖွဲ့ချုပ်များ၊ အားကစားနည်းများအလိုက် ‌ဆွေးနွေးတင်ပြကြသည်။

 

ယင်းနောက် အစည်းဝေးတက်ရောက်လာကြသူများ အကြံပြုဝိုင်းဝန်းဆွေးနွေးကြပြီး ဒုတိယဝန်ကြီးက  နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)