ပခုက္ကူ   ၂၉  ဇွန်

 

ပခုက္ကူမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် အလုပ်ဌာနများအနက် လူမှုဖူလုံရေး ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် လေးဆယ်ရာခိုင်နှုန်းရရှိသည့်  အာမခံအလုပ်သမား ၄၃၄ ဦးအား ယနေ့ နံနက် ၁၀ နာရီက အဆိုပါရုံး၌ (စတုတ္ထအကြိမ်) လူမှုဖူလုံရေးအကျိုးခံစားခွင့် ထုတ်ပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ထုတ်ပေးရာတွင် လူမှုဖူလုံရေးအကျိုးခံစားခွင့်ရရှိသည့်  ပခုက္ကူမြို့၊ အမှတ်(၁၁)အထည်စက်ရုံမှ (၃၆၇)ဦး၊ BNK Capital Myanmar (ရေစကြို)မှ (၁၇)ဦး၊ BNK Capital Myanmar (ပခုက္ကူ)မှ (၁၈)ဦး၊ ရွှေဒင်္ဂါးဆေးလိပ်ခုံမှ (၉)ဦး၊ ဟိုတယ်ရိုး(ပခုက္ကူ)မှ (၅)ဦး၊ ငွေဒိုင်းဆေးလိပ်ခုံမှ (၈) ဦး၊ ကြိုးကြာနီဖိနပ်ခုံမှ (၅)ဦး၊ ရမ်ဘိုဖိနပ်ခုံမှ (၅)ဦး စသည့် အာမခံအလုပ်သမား (၄၃၄)ဦးတို့အတွက် ငွေကျပ်သိန်း ၆၉ သိန်းကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပိုက်ကို၊ ပခုက္ကူခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယခရိုင်ကျန်းမာရေးမှူး ဒေါက်တာဝင့်နိုင်နှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့သည်။

 

ကိုဗစ်-၁၉ ရောဂါကူစက်မှုအား ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယာယီရပ်နားခဲ့ရသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများရှိ လူမှုဖူလုံရေးအဖွဲ့နှင့် အကျုံးဝင်မှတ်ပုံတင်ထားသည့် အာမခံအလုပ်သမားများအား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၈၃/၂၀၂၀)နှင့်အညီ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေ ပုဒ်မ ၁၃(ခ) (၂)နှင့် ဥပဒေပုဒ်မ ၁၀၀ တို့အရ ၁/၂၀၂၀ လအတွက် ထည့်ဝင်ကြေးပေးသွင်း ထားသည့် အာမခံအလုပ်သမားခံစားခွင့် ၄၀ ရာခိုင်နှုန်း စိစစ်ခွင့်ပြုထုတ်ပေးခြင်းဖြစ်ကြောင်း မြို့နယ် လူမှုဖူလုံရေးရုံးခွဲ တာဝန်ခံ ဒေါ်ယဉ်ယဉ်ထွေး၏ ပြောပြချက်အရ သိရသည်။

 

ထိုဥပဒေများအရ သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့်အဖြစ် မြို့နယ်အတွင်း လူမှုဖူလုံရေးထောက်ပံ့ကူညီမှု အကျိုးခံစားခွင့်ပြုငွေများကို အလုပ်ဌာန (၂၆)ဌာနမှ အလုပ်သမား (၂၀၄၅)ဦးအတွက် ငွေကျပ်သိန်းပေါင်း ၂၉၀ ခန့် ခွင့်ပြုထုတ်ပေးပြီးဖြစ်ကြောင်း၊ ၄၀ ရာခိုင်နှုန်း အကျိုးခံစားခွင့် လျှောက်ထားလာသော အလုပ်ဌာနများအနက် အချက်အလက်ပြည့်စုံပြီး ရုံးချုပ်မှခွင့်ပြုသည့် အလုပ်ဌာနများအား အမြန်ဆုံးခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 

(ခရိုင် ပြန်/ဆက်)