ပွင့်ဖြူ   ၂၉  ဇွန်    

 

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်အတွင်း လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက် စေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အကျိုးဆောင် တောင်သူများအား မျိုးစေ့နှင့် ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက် ၈ နာရီခွဲက မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်း က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင်က တက်ရောက်လာသည့် အကျိုးဆောင်တောင်သူများအနေဖြင့် မြို့နယ်အတွင်း သီးနှံစိုက်ပျိုး ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သက်ဆိုင်ရာဌာနမှ ထောက်ပံ့ပေးအပ်သည့် တောင်သူလယ်ယာသုံး သွင်းအားစုပစ္စည်းများကို အကျိုးရှိစွာ အသုံးချ စိုက်ပျိုးစေလိုကြောင်းနှင့် စိုက်ပျိုးရေး လုပ်ငန်းတွင် တွေ့ကြုံရသည့် အခက်အခဲများကိုလည်း စိုက်ပျိုးရေး ဦးစီးဌာနရှိ ဝန်ထမ်းများနှင့် ချိတ်ဆက်ကာ ကြိုးပမ်းဆောင်ရွက် သွားကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။

 

ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှိုင်မြင့်က စိုက်ပျိုးရေး သွင်းအားစုပစ္စည်းများ ထောက်ပံ့ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် သီးနှံအထွက်နှုန်း ကောင်းမွန်ရေးနှင့် ဓာတုဓာတ်ကြွင်း အာနိသင်ပါဝင်မှု လျှော့ချနိုင်ရေးအတွက် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) နည်းစနစ်ဖြင့် စိုက်ပျိုးနည်းစနစ်များကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။

 

ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင်နှင့် တာဝန်ရှိသူများက မြို့နယ်အတွင်း စိုက်ပျိုးရေးနည်းပညာ ပြန့်ပွားရေးစင်တာ (ရှေ့တန်းစခန်းရုံး) များရှိ ကျေးရွာများမှ ဒေသခံ အကျိုးဆောင်တောင်သူ ၅၀ ဦးအတွက် ဓာတ်မြေဩဇာအိတ် အလုံး (၅၀)၊ မိုးစပါး အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် မနောသုခနှင့် ဧရာမင်းမျိုးစပါး အိတ် (၁၀၀)၊ ဝါသီးနှံ (၅) ဧက အတွက် ဝါမျိုးစေ့ (3 kg) အိတ် (၅) အိတ်တို့ကို အကျိုးဆောင်တောင်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ရဲဝင်းနိုင်(ပြန်/ဆက်)