ကျောက်ဆည် ၂၉ ဇွန်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ အမှတ်(၈၁) စက်မှုလယ်ယာစခန်းမှ တောင်သူများစပါးစိုက်ပျိုးရာတွင် အချိန်နှင့်လုပ်အား သက်သာစေရန်နှင့် လေလွင့်ဆုံးရှုံးမှုမရှိစေရေးအတွက် မျိုးစေ့ချစက်ဖြင့် စပါးပျိုးထောင်ပေးခြင်း လုပ်ငန်းများ ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။
မျိုးစေ့ချစက်ဖြင့် စပါးများပျိုးထောင်မည်ဆိုပါက လယ်(၁၀)ဧကစာအတွက် အချိန်တစ်နာရီခန့်သာ ကြာမြင့်ပြီး လယ်တစ်ဧကစာအတွက် မျိုးစပါး(၁၀)ပြည်ခန့် ကုန်ကျကြောင်း၊ ပျိုးထောင်ရာတွင် ပလပ်စတစ် ပျိုးကန်များဖြင့် ပျိုးထောင်ရခြင်းဖြစ်သောကြောင့် နေရောင်ခြည်ရသည့်နေရာတွင် လိုအပ်သလို အလွယ်တကူပြောင်းရွှေ့နိုင်သဖြင့် ပျက်စီးဆုံးရှုံးမှုနည်းပါးပြီး ပျိုးပင်ပေါက်အားကောင်းကာ ရာနှုန်းပြည့်အောင်မြင်ကြောင်း သိရသည်။
ထိုသို့မျိုးစေ့ချစက်ဖြင့် ပျိုးထောင်သည့်စပါးမျိုးများကို ပျိုးသက်(၁၅)ရက်သားတွင် မြေပြင်ထားသည့် လယ်အတွင်းသို့ ပြောင်းရွှေ့စိုက်ပျိုးရခြင်းကြောင့် အပင်ပွားနှုန်းကောင်းမွန်ပြီး စပါးထွက်နှုန်း ပိုမိုရရှိကြောင်း သိရသည်။
သက်မောက်(ပြန်/ဆက်)


