ဘားအံ  ၂၉ ဇွန်

 

ကရင်ပြည်နယ်ရှိ ကျေးရွာပေါင်း ၁၆၀ တွင် Cash For Work  စီမံကိန်းနှင့် ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ကရင်ပြည်နယ်အတွင်း Cash For Work စီမံကိန်းကို ကျေးရွာတစ်ရွာလျှင် ငွေကျပ် (၁၀) သန်းနှုန်းဖြင့် ရွာပေါင်း (၁၁၀) တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းဖြင့် အိမ်ခြေ (၁၀၀) နှင့်အထက် ကျေးရွာ (၂၅) ရွာကို တစ်ရွာလျှင် ငွေကျပ် သန်း (၃၀)၊ အိမ်ခြေ (၅၀) နှင့် အထက်မှ (၁၀၀) ကြား ကျေးရွာ (၁၅) ရွာကို ငွေကျပ် သန်း(၂၀)၊ အိမ်ခြေ(၅၀)နှင့်အောက် ကျေးရွာ (၁၀) ရွာကို ငွေကျပ် ၁၀ သန်းနှုန်းဖြင့် စုစုပေါင်းကျေးရွာ (၅၀) တွင် အကောင်အထည်ဖော် ဆောင်ရွက်ရန် လျာထားပြီးဖြစ်ကြောင်း သိရသည်။

 

Cash  For Work  စီမံကိန်းကို ဆောင်ရွက်ရာတွင် နယ်ပယ်စုံ ချို့တဲ့မှုညွှန်းကိန်း (MDI) များသည့် ကျေးရွာအုပ်စုများ အတွင်းရှိ ကျေးရွာများကိုသာ ဦးစားပေး ရွေးချယ်သွားမည်ဖြစ်ပြီး ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်းကိုလည်း ကျေးရွာ ရွေးချယ်ရာတွင် ၂၀၁၄ ခုနှစ်က ကောက်ခံထားသည့် သန်းခေါင်စာရင်းအရ လုပ်ကွက်ငယ်တောင်သူများ၊ အသေးစား စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်သူများ၊ လက်ရှိတွင် ကိုဗစ်-၁၉ ကြောင့် စီးပွားရေး ရပ်တန့်နေပြီး အရင်းအနှီး အနည်းငယ် လိုအပ်သည့် အသေးစား စီးပွားရေးလုပ်ငန်းရှင်များနှင့် စီးပွားရေး အလားအလာရှိသည့် လုပ်ငန်းများကို ချေးငွေထုတ်ချေးပေးရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိရာ အသေးစား စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူ အများဆုံးရှိသည့် ကျေးရွာအုပ်စုများရှိ ကျေးရွာများကို  ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

“ဒီစီမံကိန်းနှစ်ခုဟာ အဓိကအားဖြင့်တော့ ငွေကြေးထောက်ပံ့တဲ့ ကာလတို စီမံကိန်းတွေ ဖြစ်ပါတယ်၊ လတ်တလော စားဝတ်နေရေး အဆင်ပြေအောင် Cash For Work (CSW) လုပ်ငန်းတွေလုပ်ပါတယ်၊ သူ့ရဲ့လုပ်အားခပေါ် မူတည်ပြီးတော့မှ ငွေကြေး (အခကြေးငွေ) ပေးတာဖြစ်တဲ့အတွက် Cash For Work ဆိုတဲ့ နာမည်နဲ့အညီပဲ ကျေးရွာမှာရှိတဲ့ ပြည်သူတွေလက်ထဲကို သူ့လုပ်အားခနဲ့ညီမျှတဲ့ ငွေကြေးကို ထည့်ပေးခြင်းအားဖြင့် လတ်တလော စားဝတ်နေရေး အဆင်ပြေအောင် ဆောင်ရွက်နိုင်မယ်၊ ပြီးရင်လည်း ကျွန်တော်တို့ ဒီကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းအရ ယခင်မြစိမ်းရောင်စီမံကိန်းလို ဆင်းရဲနွမ်းပါးမှု မဟုတ်ဘဲနဲ့ လက်ရှိကျေးရွာထဲမှာရှိတဲ့ လုပ်ကွက်ငယ် တောင်သူတွေရဲ့ ရင်းနှီးမြှုပ်နှံမှုကို လတ်တလော အဆင်ပြေသွားစေမယ်ဆို့တဲ့ အကျိုးရလဒ်ကို ရရှိစေမှာဖြစ်ပါတယ်” ဟု ကရင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းဇော်ချစ်က ပြောသည်။

           

Cash For Work စီမံကိန်းအနေဖြင့် ကာလတို စီမံကိန်းဖြစ်သည့်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် စီမံကိန်းကာလ ၃ လသာ ကျန်တော့ပြီး ထိုကာလတွင် Cash For Work ပေးချေနိုင်မည့် လုပ်ငန်းများကို ရွေးချယ် ရမည်ဖြစ်သည်။ တစ်ပြိုင်နက်တည်းတွင် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်းကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ၁၀ နှစ် စီမံကိန်း သတ်မှတ်ထားကာ ကမ္ဘာ့ဘဏ်၏ ချေးငွေဖြစ်သည့်အတွက် ၁၀ နှစ်ပြည့်လျှင် အရင်းပြန်ဆပ်ရမည်ဖြစ်ပြီး ကော်မတီ သက်တမ်းအနေဖြင့် ကျေးရွာကော်မတီသည် ၅ နှစ်တစ်ကြိမ် ဖွဲ့စည်းဆောင်ရွက်မည်ဖြစ်သည့်အတွက် ကော်မတီသက်တမ်း ၂ ကြိမ် (၁၀)နှစ်ပြည့်လျှင် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းကာလ ပြီးဆုံးမည်ဖြစ်သည်။

 

ယခုအခါ ပိုင်းလော့ပရောဂျက်လုပ်ငန်းများ ဆောင်ရွက်နေပြီး သုံးသပ်ချက်၊ အကြံပြုချက်များ၊ ဖြေရှင်းရမည့် ကိစ္စရပ်များ ပေါ်ပေါက်လာမည်ဖြစ်ပြီး ရရှိလာသည့် အတွေ့အကြုံကိုယူ၍ သုံးလအတွင်း ဆောင်ရွက်မည့် ကျေးရွာ ၁၁၀ တွင် အသုံးပြုကာ အောင်မြင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုနည်းတူ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းကို ကျေးရွာများသို့ ကွင်းဆင်း၍ ကျေးရွာနေပြည်သူများ နားလည်စေရန် စည်းရုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကာလဖြစ်သည့်အတွက် ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်သွားရန် လိုအပ်ပြီး ပြည်သူတို့၏ လိုလားချက်၊ ကျေးရွာအုပ်စုတို့၏တောင်းဆိုချက် အမှန်တကယ်အကျိုးရှိသည့်အပေါ် မူတည်၍ နောက်နှစ်ဘတ်ဂျက်များတွင် Cash For Work စီမံကိန်းကို ဆောင်ရွက်သွားဖို့ အစီအစဉ်ရှိကြောင်း၊ အလားတူ ကျေးရွာမတည် ရန်ပုံငွေစီမံကိန်းကို လတ်တလော ကိုဗစ်-၁၉ ကာလ စီးပွားရေးသက်ရောက်မှုအပေါ် ထိခိုက်မှုသက်သာစေရေး စီမံချက်အရ ဆောင်ရွက်ခြင်း ဖြစ်သော်လည်း အကျိုးဖြစ်ထွန်းပါက ၁၀ နှစ်ကျော်သော်လည်း ထိုစီမံကိန်းကို ဆက်လက်ဆောင်ရွက်ရန် အလားအလာများရှိကြောင်း   ကရင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှူးရုံးမှ သိရသည်။

 

အဆိုပါ Cash For Work  စီမံကိန်းနှင့် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းတို့ကို နိုင်ငံတော်အစိုးရ၏ အစီအမံဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)