ဇွန် ၃၀
(၃၆) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို အောင်မြင်စွာကျင်းပခဲ့ပြီး ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်အတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူရသည့် ဗီယက်နမ်နိုင်ငံက (၃၆) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ဇွန်လအတွင်း ဒါနန်းမြို့တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် မူလကစီစဉ်ခဲ့သော်လည်း ကမ္ဘာအနှံ့အပြားတွင် ဖြစ်ပွားနေသော ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် အစည်းအဝေးများကို ဇွန်လ ၂၆ ရက်နေ့တွင် video conferencing စနစ်ဖြင့် ကျင်းပခဲ့သည်။
အာဆီယံအနေဖြင့် ထိပ်သီးအစည်းအဝေးကို တစ်နှစ်လျှင် နှစ်ကြိမ် ပုံမှန်ကျင်းပလျက်ရှိရာ ယခုနှစ် ထိပ်သီးအစည်းအဝေးကို အာဆီယံ၏ နှစ် (၅၀) ကျော် သက်တမ်းကာလအတွင်း video conferencing စနစ်ဖြင့် ပထမဆုံး အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ တိုးတက်ဖြစ်ထွန်းနေသော ယနေ့ကာလတွင် ကမ္ဘာကြီးသည် ရွာကြီးတစ်ရွာကဲ့သို့ ဖြစ်လာရပြီး မည်မျှဝေးလံသော နိုင်ငံဒေသမှဖြစ်စေ နိုင်ငံ့ခေါင်းဆောင်များသည် အဝေးမှပင် တစ်နိုင်ငံနှင့် တစ်နိုင်ငံ အပြန်အလှန် မြင်တွေ့ဆက်ဆံနိုင်ကြပြီး နှစ်နိုင်ငံအကျိုးစီးပွားများကို အချိန်နှင့်တစ်ပြေးညီ ဖော်ဆောင်နိုင်ကြပြီဖြစ်သည်။
ယခုကျင်းပခဲ့သော အာဆီယံထိပ်သီးအစည်းအဝေးတွင် အာဆီယံနိုင်ငံ ခေါင်းဆောင်များသည် အာဆီယံအသိုက်အဝန်း ထူထောင်ရေး၊ အာဆီယံ ပြင်ပဆက်ဆံရေး၊ ပြောင်းလဲနေသည့် ဒေသတွင်း ဗိသုကာပုံစံတွင် အာဆီယံ၏ အချက်အချာကျမှုကို ဆက်လက်ထိန်းသိမ်းရေး၊ ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ဖြစ်ပေါ်လာမည့် လူမှုရေး-စီးပွားရေး ထိခိုက်နစ်နာမှုများနှင့် နောက်ဆက်တွဲ ပြဿနာများကို ပူးပေါင်းရင်ဆိုင် ဖြေရှင်းရေး၊ ကိုဗစ်-၁၉ အလွန်ကာလတွင် အာဆီယံ၏ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်အတွက် ပြည့်စုံသည့် စီမံချက်တစ်ရပ် ရေးဆွဲချမှတ်ရေး၊ ဒစ်ဂျစ်တယ်ခေတ်တွင် အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး စသည့်ကိစ္စရပ်များအပြင် ဒေသတွင်းနှင့် နိုင်ငံတကာ ကိစ္စများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
ကိုဗစ်-၁၉ ကိုအကြောင်းပြုပြီး ကမ္ဘာ့နိုင်ငံများသည် ဒစ်ဂျစ်တယ်နည်းပညာကို လက်တွေ့ကျကျ အသုံးချ၍ နိုင်ငံများ၏ အကျိုးစီးပွားကို ဖော်ဆောင်နေကြပြီဖြစ်သည်။ ကမ္ဘာ့နိုင်ငံများ၊ အာဆီယံနိုင်ငံများ၊ ဒေသတွင်း နိုင်ငံများအချင်းချင်း အချိန်နှင့်တစ်ပြေးညီ မြင်တွေ့ဆက်ဆံပြီး နှစ် နိုင်ငံ အကျိုးစီးပွားများကို ဖော်ဆောင်နေကြသည်။ မြန်မာနိုင်ငံတွင်လည်း နိုင်ငံ့ခေါင်းဆောင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ စိတ်ဓာတ်ခွန်အား တိုးပွားရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများသာမက နယ်ပယ်ဒေသအသီးသီးမှ ပြည်သူများနှင့်ပါ မြင်တွေ့ဆက်ဆံ လမ်းညွှန်မှုများ ပေးနိုင်သည်မှာ နည်းပညာ ခေတ်၏ တိုးတက်ဖြစ်ထွန်းလာသော ရလဒ်ကောင်းများကြောင့် ဖြစ်သည်။
တစ်ဦးနှင့်တစ်ဦး မြင်တွေ့ဆက်ဆံနိုင်သော video conferencing စနစ်ဖြင့်ဖြစ်စေ၊ အခြားနည်းပညာ ဆက်သွယ်ရေး စနစ်ဖြင့်ဖြစ်စေ နိုင်ငံနှင့် ပြည်သူအကျိုးပြုမည ့်ကိစ္စအဝဝတို့ကို ဆောင်ရွက်နိုင်ကြပြီ ဖြစ်သည်။ ထိုအကျိုးရလဒ်များကို အင်တာနက်ဆက်သွယ်မှု ကြားခံပစ္စည်း ကောင်းလျှင်ကောင်းသလောက် အလုပ်ဖြစ်သည်ကို မြင်တွေ့ရမည်ဖြစ်သည်။ ဖွံ့ဖြိုးစ မြန်မာနိုင်ငံအနေဖြင့် ဆက်သွယ်ရေးစနစ်မှာ ယခင်ထက်စာလျှင် တိုးတက်ကောင်းမွန်လာသော်လည်း တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်ရန် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်လျက်ရှိသည်။ ထို့ကြောင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးတွင် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အားရရှိရေး၊ နည်းပညာ ဆက်သွယ်ရေးတို့သည် အရေးကြီးသည့်အချက်များဖြစ်၍ ယင်းတို့ကို လွှမ်းခြုံဆောင်ရွက်ခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံ ဖြစ်ပေါ်လာနိုင်သည်။
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ်ဓာတ်အာ းရရှိရေးကို တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်ရန်အတွက် လက်တွေ့ အကောင်အထည် ဖော်နေသည်ကိုတွေ့မြင်ရပြီး ဆက်သွယ်ရေး နည်းပညာစနစ်များပါ လွှမ်းခြုံ တိုးတက် ကောင်းမွန်လာပါက အချိန်မရွေး၊ နေရာမရွေး တိုးတက်ဖွံ့ဖြိုးရေးကို အလျင်အမြန် ဆောင်ရွက်နိုင်သည်ကို ကိုဗစ်-၁၉ ဆောင်ရွက်ချက်များက လက်တွေ့ပြသနေပြီဖြစ်သည်။ နည်းပညာကို အသုံးချနိုင်ခြင်းသည် လက်တွေ့သွားရောက်ဆောင်ရွက်ခြင်းထက် ကုန်ကျစရိတ်များစွာကို လျှော့ချနိုင်သည့်အတွက် ပိုလျှံလာသော ဘဏ္ဍာငွေများကို အခြားလိုအပ်သောနေရာများတွင် အကျိုးရှိစွာ အသုံးချနိုင်မည်ဖြစ်သည်။
သို့ဖြစ်ရာ ကိုဗစ်-၁၉ မှရရှိလာသော လက်တွေ့သင်ခန်းစာများအရ အကျိုးရလဒ်ကောင်းများကို ဖော်ထုတ်နိုင်ပြီဖြစ်ရာ ကိုဗစ်-၁၉ ကာလမှ ကိုဗစ်-၁၉ အလွန်ကာလတွင် နည်းပညာကိုအသုံးချပြီး လိုအပ်မှသာ ထိတွေ့ဆောင်ရွက်ခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုအကျိုးရှိအောင် စွမ်းဆောင် ကြိုးပမ်းကြရမည် ဖြစ်ပါကြောင်း။ ။
ကြေးမုံ