ပြည်ကြီးတံခွန်    ၃၀    ဇွန်

 

ပြည်ကြီးတံခွန်မြို့နယ်တွင် နှာခေါင်းစည်း(Mask) မတပ်ဆင်သူများအား ခုဝယ်ခုတပ် အစီအစဉ်ကို ယနေ့ နံနက်ပိုင်းက မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (က)ရပ်ကွက် ၆၈ လမ်းနှင့် မြဝတီမင်းကြီးလမ်းထောင့်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

 

ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဉက္ကဌ ဦးလရော် ကြီးကြပ်၍ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်စိုး ဦးဆောင်သော မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် မီးသတ်တပ်ဖွဲ့၊ မြို့နယ်စည်ပင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် မြို့နယ်အတွင်းရှိ ဈေးများနှင့် လမ်းမပေါ်တွင် နှာခေါင်းစည်း(Mask) မတပ်ဆင်သူများအား အခုဝယ်အခုတပ် အစီအစဉ်ဖြင့် နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

“မြို့နယ်အတွင်းရှိ ဈေးများနဲ့လမ်းများမှာ နှာခေါင်းစည်းမတပ်ဆင် သူတွေကို ပူးပေါင်းအဖွဲ့ တွေနဲ့ ကွင်းဆင်းစစ်ဆေးခြင်းကို တစ်ပတ်လျှင်နှစ်ကြိမ် ပုံမှန်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိပါတယ်၊ ဒီနေ့မှာ နှာခေါင်းစည်း မတပ်ဆင်သူ ၁၀၁ ဦးကို နှာခေါင်းစည်း(၂)ခုလျှင်ငွေကျပ် ၅၀၀၀ ဖြင့် ရောင်းချပြီး ဒဏ်ရိုက် အရေးယူခဲ့ပါတယ်” ဟု မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေ ရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား အထောက်အကူဖြစ်စေရန်အတွက် မေလ ၉ ရက်မှ စတင်၍ ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့သွားရောက်ရာတွင် နှာခေါင်းစည်း(Mask)မှ စနစ်တကျတပ်ဆင် သွားလာကြရန်၊ နှာခေါင်းစည်း(Mask) စနစ်တကျလုံခြုံစွာ တပ်ဆင်လာခြင်းမရှိသူများအား မေလ ၉ ရက်မှ ၁၅ ရက်အထိ အသိပညာပေးကာလအဖြစ်သတ်မှတ်ပြီး ပညာပေးကာလအတွင်း Mask(၂)ခုကို ငွေကျပ် တစ်ထောင်ဖြင့်လည်းကောင်း၊ အသိပညာပေးကာလဖြစ်သည့် မေလ ၁၅ ရက် နောက်ပိုင်းတွင် Mask (၂) ခုကို ငွေကျပ် ငါးထောင်ဖြင့် လည်းကောင်း ဝယ်ယူတပ်ဆင်ခြင်းဆောင်ရွက်ရမည်ဖြစ်ပြီး Mask စနစ်တကျ လုံခြုံစွာ တပ်ဆင်သွားလာခြင်းအား လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ပါက တည်ဆဲဉပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အသိပေးကြေညာချက်ထုတ်ပြန် ထားသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)