မန္တလေး  ၃၀  ဇွန်

 

ဧရာဝတီမြစ်အတွင်း မန္တလေး-ဗန်းမော်ရေလမ်းတစ်လျှောက် သေဆုံးသွားသည့် ဧရာဝတီလင်းပိုင် အကောင်ရေမှာ ၂၀၂ဝ ခုနှစ် ခြောက်လတာကာလအတွင်း တစ်လသားအရွယ် အပါအဝင် ငါးကောင်ရှိကြောင်း ငါးလုပ်ငန်းဦးစီးဌာနရှိ ပတ်ဝန်းကျင်/မျိုးသုဉ်း ရှားပါးရေသတ္တဝါများထိန်းသိမ်းရေး ဌာနစုမှ သိရသည်။

 

" ၂၀၂ဝခုနှစ် ဇန်နဝါရီလကနေ ဇွန်လအထိ မန္တလေး-ဗန်းမော်တစ်လျှောက် လင်းပိုင်သေဆုံးတာ ငါးကောင် စာရင်းရရှိထားပြီဖြစ်ပါတယ်၊ သေဆုံးသွားတဲ့ အကောင်တွေထဲမှာ ဇွန်လ ၂၇ ရက်နေ့က တွေ့တဲ့ သေဆုံး နေတဲ့အကောင်က အငယ်ဆုံး တစ်လသားအရွယ်လင်းပိုင်အမပါ၊ ပေါက်ဖွားမှုနှုန်းနဲ့ သေဆုံးမှုနှုန်းက တစ်နှစ်ထက်တစ်နှစ် အများကြီးသေသွားတာ ဆုံးရှုံးသွားတာမဟုတ်ပါဘူး၊ ၂၀၂ဝ ခုနှစ် ဖေဖော်ဝါရီ ဆာဗေးအရ မန္တလေး-ဗန်းမော်အထိ ဧရာဝတီလင်းပိုင်ကောင်ရေ ၇၉ ကောင်၊ နှစ်တိုင်းဆောင်ရွက်နေတဲ့ မှတ်တမ်းများအရ ၂၀၂ဝ ဆာဗေးမှတ်တမ်းဟာ လင်းပိုင်အကောင်အရေ အများဆုံး မှတ်တမ်းတင်တဲ့နှစ်ပါ"ဟု နေပြည်တော်၊ ငါးလုပ်ငန်းဦးစီးဌာနရှိ ပတ်ဝန်းကျင်နှင့် မျိုးသုဉ်းရှားပါးရေသတ္တဝါများ ထိန်းသိမ်းရေးဌာနစုမှ ဒုတိယဦးစီးမှူး ဦးဇော်မန်း က ပြောသည်။

 

 မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ စိန်ပန်းကုံးကျေးရွာတွင် ဇွန် ၂၇ ရက် နေ့နံနက်ပိုင်းက တစ်လသားအရွယ် ဧရာဝတီလင်းပိုင်အမငယ် တစ်ကောင် သေဆုံးခဲ့ကြောင်း ငါးလုပ်ငန်းဦးစီး ဌာနမှ သိရသည်။

 

 " လင်းပိုင်သေတွေ့ရှိတဲ့ ရွာရှေ့ရေပြင်ရဲ့အထက် ၂ မိုင်လောက်အကွာမှာ တရားမဝင် ဘက်ထရီ ရှော့တိုက် လုပ်ငန်းလုပ်နေတဲ့ လှေလေးစီးတွေ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်၊ လင်းပိုင်ငယ်က အသက်အရွယ်အားဖြင့် နုငယ်တဲ့အရွယ်ဖြစ်တဲ့အတွက် ဘက်ထရီရှော့ လျှပ်စစ်စက်ကွင်း ထိမိပြီးတော့ သေဆုံးတယ်လို့ ယူဆရပါတယ်၊ သေဆုံးသွားတဲ့ ဧရာဝတီလင်းပိုင်ငယ်ကို ရေခဲပုံးထဲထည့်ပြီး မန္တလေးကို သယ်လာတယ်

 

“ WCS နဲ့နားလည်မှုသက်တမ်းက ၂၀၂၂ ခုနှစ်ဆိုရင် သုံးနှစ်သက်တမ်း ပြည့်တော့မှာပါ၊ ထိန်းသိမ်း စောင့်ရှောက်မှုကို ကျန်တဲ့အဖွဲ့အစည်းတွေကလည်း လုပ်ကြပါတယ်၊ ဘတ်ဂျက်အနေအထားပေါ်မူတည်ပြီး လုပ်ကြရတဲ့ အနေအထားတွေ ရှိပါတယ်၊ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးလုပ်ငန်းဆိုတာ ဌာနအဖွဲ့အစည်း တစ်ခုတည်းနဲ့ မပြီးပါဘူး၊ သက်ဆိုင်ရာဌာနပေါင်းစုံ၊ အဖွဲ့အစည်းတွေ၊ ဒေသခံပြည်သူတွေ ပူးပေါင်းပါဝင်မှသာ အောင်မြင်မှာပါ၊ လင်းပိုင်ထိန်းသိမ်းစောင့်ရှောက်မှုအနေနဲ့ မင်းကွန်းကနေ ကျောက်မြောင်းအထိ ထိန်း သိမ်းရေးဧရိယာ() ထီးချိုင့်ကနေ ရွှေကူအထိ ထိန်းသိမ်းရေးဧရိယာ() သတ်မှတ်ပြီး ကာကွယ်စောင့် ရှောက်ပေးလျက်ရှိပါတယ်"ဟု ၎င်းက ဆက်ပြောသည်။

 

 ငါးရှော့တိုက်လှေ ဖမ်းဆီးရမိမှုအနေဖြင့် ၂၀၁၇ ခုနှစ်အတွင်း ၁ဝ စီး၊ ၂၀၁၈ ခုနှစ်အတွင်း အစီး ၂၀၊ ၂၀၁၉ ခုနှစ်အတွင်း ၃၁ စီးဖမ်းဆီးရမိခဲ့ပြီး ၂၀၂ဝ ပြည့်နှစ်မှာ ယနေ့အချိန်အထိ တရားမဝင် ငါးရှော့တိုက်လှေ ၁၉ စီးနှင့် တရားမဝင်ငါးရှော့တိုက်ဖမ်းသူ ၃ ဦးတို့အား ဖမ်းဆီးရမိခဲ့ကြောင်း၊ ဖမ်းဆီးရမိသော ငါးရှော့တိုက် လှေများအား သက်ဆိုင်ရာ ငါးလုပ်ငန်းဦးစီးဌာနသို့ လွှဲပြောင်းခဲ့ပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း မေ ၂၁ ရက်နေ့က အမှတ်()ရေကြောင်းရဲကွပ်ကဲမှု အဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူ တစ်ဦး၏ ပြောပြချက်အရ သိရသည်။

 

ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးဧရိယာတွင်လည်း သက်ဆိုင်ရာ ငါးလုပ်ငန်းဦးစီးဌာန သားငှက် ထိန်းသိမ်းရေး WCS အဖွဲ့များနှင့် ပူးပေါင်းပြီး တရားမဝင် ငါးရှော့တိုက်ဖမ်းဆီးမှုများ မပြုလုပ်စေရေး အသိပညာပေးခြင်းများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

 

ထိပ်ထားနိုင်