ရပ်စောက် ၃ဝ ဇွန်
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် cash for Work စီမံကိန်းနှင့် ကျေးရွာမတည်ငွေရန်ပုံငွေစီမံကိန်း(VRFP) ဦးစားပေးကျေးရွာ ရွေးချယ်ခြင်းအခမ်းအနားကို ယနေ့နံနက်က ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်နှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်ညီညီကျော်တို့က အမှာစကားပြောကြားပြီး တောင်ကြီးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးရန်မျိုးနိုင်က COVID-19 ရောဂါအကျိုးသက်ရောက် ခြင်းခံရသော ကျေးလက်ဒေသများရှိ ပြည်သူများအား ၎င်းတို့ကျေးရွာ၏ ကုန်ထုတ်လုပ်ငန်းနှင့် ကျေးရွာအခြေခံအဆောက်အအုံဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို မိမိတို့ကိုယ်တိုင်ဆောင်ရွက်စေပြီး လုပ်အားခငွေပေးချေခြင်းဖြင့် ဝင်ငွေရရှိစေရန်၊ ယခုဆောင်ရွက်မည့် Cash for Work စီမံကိန်း၏ အကျိုးသက်ရောက်မှုအနေဖြင့် ဆင်းရဲနွမ်းပါးသူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိလာစေပြီး မိသားစုဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်ပါကြောင်းပြောကြားသည်။ ပြီးနောက် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူး ဦးရှေးရယ်က Cash for Work စီမံကိန်းနှင့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း ကျေးရွာရွေးချယ်ခြင်းနှင့်ပတ်သက်သည်များကို ရှင်းလင်းသည်။
ထို့နောက် ရပ်စောက်မြို့နယ်၌ အကောင်အထည်ဖော်ဆောင်ရွက်မည့် Cash for Work စီမံကိန်းနှင့် ကျေးရွာမတည်ငွေရန်ပုံငွေစီမံကိန်း(VRFP) စီမံကိန်းအတွက် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌနှင့်ကော်မတီဝင် များကသတ်မှတ်စံညွှန်းနှင့်ကိုက်ညီသည့် Cash for work စီမံကိန်းကျေးရွာ(၆)ရွာ၊ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း (VRFP) ကျေးရွာ(၈)ရွာ တို့အား ရွေးချယ်ပေးခဲ့ကြောင်း သိရသည်။
ဇော်ဝင်း(ပြန်/ဆက်)


