မင်းတုန်း   ၃၀  ဇွန် 

 

မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းတုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နိုင်ငံတော်၏ ကိုဗစ်-၁၉ စီပွားရေးကုစားမှုအစီအစဉ်ကို အထောက်အကူပြုစေရေး၊ ကျေးရွာ၏ အခြေခံ အဆောက်အဦဖွံ့ဖြိုးရေး ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးနှင့် ကျေးလက်နေပြည်သူများ ဝင်ငွေရရှိစေရန် ရည်ရွယ်၍ အကောင်အထည်ဖော် ဆောင်ရွက်မည့် Cash For Work စီမံကိန်းနှင့် ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်းကျေးရွာ(၁၆)ရွာ အတည်ပြု ရွေးချယ်ခြင်းအခမ်းအနားကို ဇွန် ၂၉ ရက် နံနက်ပိုင်းက မင်းတုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ မင်းတုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မြတ်စုအောင်က Cash For Work စီမံကိန်းနှင့် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းများနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

 

mdn

 

ဆက်လက်၍ စီမံကိန်းကျေးရွာရွေးချယ်သတ်မှတ်နိုင်ရေး မင်းတုန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်သန်းနု၊ အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်း၊ အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးလိူင်ဦး၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးမင်းထွန်းနှင့် မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီ(TPIC)အဖွဲ့တွင် ပါဝင်သော ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြပြီး  Cash For Work စီမံကိန်းနှင့် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း ကျေးရွာ ရွေးချယ်ခြင်းဆိုင်ရာ အချက်အလက်များနှင့် ကိုက်ညီသော ကျေးရွာ(၁၆)ရွာကို ရွေးချယ်အတည်ပြုခဲ့ ကြောင်း သိရသည်။

 

အဆိုပါစီမံကိန်းကို ကိုဗစ်-၁၉ ရောဂါကြောင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ထိခိုက်ဆုံးရှုံးမှု အများဆုံး ကြုံတွေ့ရသည့် ကျေးရွာ၊ နေရပ်ပြန်အလုပ်သမားများနှင့် ပြောင်းရွှေ့လုပ်သား အရေအတွက်များသောကျေးရွာ၊ စိုက်ပျိုးမွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် အလားအလာ ရှိသော ကျေးရွာ၊ နယ်မြေလုံခြုံအေးချမ်းမှုရှိသော ကျေးရွာ စသည့် အခြေခံ စံနှုန်းများအပေါ် အခြေခံပြီး ရွေးချယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

 

စိုးမိုးကျော်