သာစည် ၃၀ ဇွန်
ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ယာယီရပ်နားခဲ့ရသော မန္တလေးတိုင်း ဒေသကြီး သာစည်မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် အလုပ်ဌာနများ အနက် ရွှေတောင်ဘိလပ်မြေစက်ရုံမှ အာမခံအလုပ်သမားများအတွက် လူမှုဖူလုံရေးထောက်ပံ့ ကူညီမှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းကို ဇွန် ၂၉ ရက် မွန်းလွဲ ၂ နာရီက အဆိုပါရုံး၌ ထုတ်ပေးခဲ့ကြောင်း သိရသည်။
အကျိုးခံစားခွင့်ထုတ်ပေးရာတွင် ရွှေတောင်ဘိလပ်မြေစက်ရုံမှ အာမခံအလုပ်သမား ၇၉၃ ဦးတို့ အလုပ်ယာယီရပ်နားခဲ့ရသောကာလ ၂၆ ရက်အတွက် ငွေကျပ် ၃၈၉၁၆၁၈၃ ကျပ် ၉၇ ပြားကို မြို့နယ်လူမှုဖူလုံရေးရုံးခွဲတာဝန်ခံ ဒေါ်နန်းဖောင်းခမ်းနှင့် တာဝန်ခံဆရာဝန် ဒေါက်တာစိုးစိုးနိုင် တို့က အဆိုပါစက်ရုံ မန်နေဂျာဦးသိန်းမြင့်ဝင်းထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
သာစည်မြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အလုပ်ဌာန ၁၀၆ ခုရှိကြောင်း နှင့် အလုပ်သမားပေါင်း ၄၅၃၈ ဦးရှိကြောင်း သိရပြီး ကျန်ရှိသော အလုပ်ဌာနများကိုလည်း ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ထွန်းထွန်း(သာစည်)


