ကျောက်ဖြူ    ၃၀    ဇွန် 

 

ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် ခရိုင်ငါးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ငါးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ Closed Season အတွင်း ပင်လယ်ငါးဖမ်းရေယာဉ် ရေ လုပ်သားများအတွက် လုပ်ငန်းခွင် ကျန်းမာရေးနှင့်အန္တရာယ်ကင်းရှင်းရေး ဆင့်ပွားပညာပေးသင်တန်း ကို ယနေ့၊ နံနက်(၁၁)နာရီအချိန်က ခရိုင်ငါးဦးစီးဌာနကြီးမှူး၍ကာလတိုသင်တန်းကို ဇွန်(၂၉)မှ ဇွန်(၃၀) ရက်အထိ ပို့ချပေးလျက်ရှိကြောင်းသိရသည်။

 

mdn

 

သင်တန်း ဒုတိယမြောက်နေ့တွင် ကျောက်ဖြူခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး  ဦးကျော်ဆင့် က သင်တန်းအဖွင့်အမှာစကား ပြောကြားရာတွင်  ပင်လယ်ပြင်သွား ငါးဖမ်းရေယာဉ်မှူးများနှင့်ရေလုပ် သားများအနေဖြင့် သဘာဝဘေးအန္တရာယ်တစ်စုံတစ်ရာတွေ့ကြုံလာပါက သင်တန်းမှပို့ချသောအတွေ့ အကြုံများနှင့် ပေါင်းစပ်ဖြေရှင်းကြရန်ပြောကြားခဲ့ပြီး၊ သင်တန်းကို ငါးဦးစီးဌာနမှ သင်တန်းဆရာများက ဂေဟစနစ်အပေါ် ငါးဖမ်းကိရိယာများ၏ အကျိုးသက်ရောက်မှုများနှင့် တာဝန်သိစိတ်ဖြင့် ငါးဖမ်းဆီး ခြင်း၊ မြန်မာ့ပင်လယ်ပင်ငါးလုပ်ငန်း ဥပဒေအကြောင်း သိကောင်းစရာများ၊ မျိုးသုဉ်းရှားပါး ရေနေသတ္တဝါ များထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်မှုများ၊ ငါးဖမ်းရေယာဉ် လုပ်သားများအတွက် ပင်လယ်ပြင် အသက်အန္တရာယ်ကင်းရှင်းရေး၊ ရေယာဉ်စောင့်ကြည့်ထိန်းသိမ်းရေးစနစ် (VMS) ညွှန်ကြားချက်မှတ် (၅/၂၀၁၈)စသည့်ခေါင်းစဉ်များအားလည်းကောင်း၊ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့မှ ကျောက်ဖြူတပ်စုမှူးက အရေးပေါ်ကယ်ဆယ်ရေးနှင့် ရှေးဦးသူနာပြုစုနည်းများအား စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ကြကြောင်း သိရသည်။

 

အဆိုပါ သင်တန်းကို ရေယာဉ်မှူးများနှင့်ရေလုပ်သား စုစုပေါင်း(၃၀) တက်ရောက်ခဲ့ကာ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးခဲ့ကာ ဇူလိုင်တွင်လည်း သင်တန်းများဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း ခရိုင်ငါးဦးစီးဌာနမှ သိရသည်။

 

ဖြိုးဝေလင်း(ပြန်/ဆက်)