နမ္မတူ  ၃၀  ဇွန်

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ် လူမှု ဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသောအသက် (၂)နှစ်အောက် ကလေးသူငယ်များ   ငွေကြေးထောက်ပံ့ခြင်းအစီအစဉ် မိတ်ဆက်ခြင်းနှင့် ODK (Mobile Application)ဖြင့် အကျိုးခံစားသူ စာရင်းသွင်းခြင်းသင်တန်းအား ယနေ့ မွန်းလွဲ၁နာရီက ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

သင်တန်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ နမ္မတူမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ဝန်ထမ်းများက ၂၀၂၀ပြည့်နှစ် ဧပြီလ(၁)ရက်နေ့မှစတင်၍ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားသော (၂)နှစ်အောက် ကလေးငယ်များအားလုံးကို ငွေကြေးထောက်ပံ့ခြင်းအစီအစဉ်နှင့်ပတ်သက်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလ အတွင်း တစ်လလျှင် ငွေကျပ် ၁၅၀၀၀ ကျပ်နှုန်းဖြင့် ဧပြီလမှ စက်တင်ဘာလအထိ (၆)လအတွက် စုစုပေါင်း ငွေကျပ် ၉၀၀၀၀ ကျပ်အား ဩဂုတ်လအတွင်း ထောက်ပံ့ပေးအပ် သွားမည် ဖြစ်ကြောင်းနှင့် ODK (Mobile Application)ဖြင့် အကျိုးခံစားသူ အချက်အလက် စာရင်းကောက်ယူခြင်းဆိုင်ရာများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

 

အဆိုပါသင်တန်းသို့ နမ္မတူမြို့နယ်အတွင်းရှိ ရပ်ကွက် (၂)ရပ်ကွက်၊ ကျေးရွာ (၂၁)အုပ်စုတို့မှ ရပ်ကွက်/ကျေးရွာစာရေး (၂၃)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

 

လူမော် (ပြန်/ဆက်)