ကျောက်မဲ ၃၀ ဇွန်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့်အသက် (၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ် MCCT (Maternal and Child Cash Transfer Program)မိတ်ဆက်နှင့် ODKဖြင့် အကျိုးခံစားသူ စာရင်းသွင်းခြင်းသင်တန်းအား ယနေ့ နံနက်(၁၁)နာရီ အချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အဆိုပါသင်တန်းတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးနိုင်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရီရီခိုင်က ကလေးငယ်များ၏ အရေးကြီးဆုံးကာလဖြစ်သည့် လူဘဝအစ ရှေးဦးရက်(၁၀၀၀) ကာလအတွင်း မိခင်များနှင့် ကလေးငယ်များအားလုံး အာဟာရဆိုင်ရာ အကျိုးရလာဒ်များ ပိုမိုတိုးတက်ကောင်းမွန် လာစေရန်အတွက် ရည်ရွယ်၍ မိခင်နှင့်ကလေးများကို အာဟာရအတွက် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် ၂ နှစ်အောက် ကလေးများကို တစ်လလျှင် ငွေကျပ် ၁၅၀၀၀ နှုန်းဖြင့် ၃ လတစ်ကြိမ် ငွေ ၄၅၀၀၀/-ကျပ် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ ၎င်းကဲ့သို့ ထောက်ပံ့ပေးနိုင်ရန်အတွက် ရှေးဦးစွာ စာရင်းကောက်ယူရာတွင် မှန်ကန်မြန်ဆန်စေရေးအတွက် ODK Mobile Application ကို အသုံးပြုသွားရမည်ဖြစ်သောကြောင့် အဆိုပါ Application အသုံးပြုနည်းများကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကျောက်မဲမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွား လာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များစာရင်းကို ဇူလိုင်လဆန်းပိုင်းမှ စတင်ကောက်ယူသွား မည်ဖြစ်ပြီး ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း တစ်လလျှင် ကျပ်(၁၅၀၀၀)နှုန်းဖြင့် ဧပြီလမှ စက်တင်ဘာလအထိ စုစုပေါင်း ကျပ်(၉၀၀၀၀)အား သြဂုတ်လတွင် ထောက်ပံ့ပေးသွားမည်ဖြစ်သည်။ (MCCT)အစီအစဉ်တွင် အကျုံးဝင်သည့် အကျိုးခံစားသူများမှာ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များအားလုံးနှင့် ၂၀၂၀ပြည့်နှစ် ဧပြီလ(၁)ရက်နေ့မှစ၍ မွေးဖွားသော အသက်(၂)နှစ်အောက် ကလေးများအားလုံး အကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ ကျောက်မဲမြို့နယ်အတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊ ရပ်ကွက်/ကျေးရွာ အုပ်စု စာရေးဝန်ထမ်း ၉၀ တက်ရောက်ကြမည်ဖြစ်ပြီး သင်တန်းကို ၄ ကြိမ်ခွဲ၍ (၂)ရက်တာ ဆွေးနွေးပို့ချပေးလျက်ရှိကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)


