ရန်ကုန် ၃၀ ဇွန်

 

မြန်မာ-ကိုရီးယား ချစ်ကြည်ရေး ဒလတံတားတည်ဆောက်ရေး လုပ်ငန်းခွင်ဖြစ်သည့် ဒလဘက်ခြမ်းရှိ ပင်မတံတား ရေလယ်တိုင်အတွက် ဘိုးပိုင်လုပ်ငန်း ဆောင်ရွက်နေစဉ် ဇွန် ၂၈ ရက် ည ၉ နာရီက ညဆိုင်း ပင်မတံတား ရေလယ်တိုင် တည်ဆောက်ရေးအဖွဲ့ခေါင်းဆောင် တရုတ်နိုင်ငံသားတစ်ဦး မြစ်အတွင်း ခြေချော်၍ ပြုတ်ကျမှုဖြစ်ပွားခဲ့ရာ ယနေ့ မွန်းလွဲ ၂ နာရီက ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

 

ထိုသို့ ရှာဖွေရေးဆောင်ရွက်ရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမှတ်(၃) ရေကြောင်းရဲကွပ်ကဲမှုအဖွဲ့ခွဲ ရေကြောင်းရဲတပ်ဖွဲ့စု (ရန်ကုန်)မှ ရဲအုပ် ကျော်မိုးဟိန်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ဗိုလ်တထောင်မြို့နယ်ရဲစခန်းမှ ဒုရဲအုပ်မျိုးမင်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ တံတားစီမံကိန်း တည်ဆောက်ရေးအဖွဲ့မှ တာဝန်ရှိသူများ လိုက်ပါသည့် Speed Boad (၂)စီး၊ ဒလမြို့နယ် မီးသတ်ဦးစီးဌာနမှ ရှာဖွေရေး လှေငယ်(၁)စီး၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ စက်တပ်သမ္ဗန် (၁)စီးတို့ဖြင့် ရန်ကုန်မြစ်အတွင်း ပိုက်စိပ်တိုက်ရှာဖွေခဲ့ရာ ယနေ့မွန်းလွဲ ၂ နာရီတွင် ကမာကသွယ် စက်တပ်သမ္ဗန်ကူးတို့ဆိပ်အနီး တွေ့ရှိခဲ့သည်။

 

အဆိုပါ တရုတ်အမျိုးသား(အလောင်း)အား  သက်ဆိုင်ရာတာဝန်ရှိသူများက စက်လှေဖြင့် ဝါးတန်းဆိပ်ကမ်းသို့ သယ်ယူခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း ကနဦးသိရသည်။

 

နိုင်လင်းကျော်(ဒလ)