၃၀ ဇွန်

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ရန်ကုန်မှ ဥက္ကံသို့ ပြေးဆွဲနေသော အမှတ် ၆၅ အဆန်၊ ၆၆ အစုန် RBE ရထားကို ဇူလိုင် ၁ ရက်မှစ၍ ယခင်အချိန်စာရင်းအတိုင်း ပြန်လည်ပြေးဆွဲပေးမည်ဖြစ်ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။

 

အမှတ်(၆၆) အစုန်ရထားသည် ဥက္ကံဘူတာမှ နံနက် ၆ နာရီတွင် ထွက်ခွာပြီး ရန်ကုန်ဘူတာကြီးသို့ နံနက် ၉ နာရီ ၃၅ မိနစ်တွင် ရောက်ရှိမည်ဖြစ်သည်။

 

အမှတ်(၆၅) အဆန်ရထားသည်လည်း ရန်ကုန်ဘူတာကြီးမှ ညနေ ၄ နာရီခွဲတွင် ထွက်ခွာပြီး ဥက္ကံဘူတာသို့ ည ၈ နာရီ ၁၀ မိနစ်တွင် ရောက်ရှိမည်ဖြစ်သည်။

 

ရထားလက်မှတ်ခမှာလည်း ဈေးနှုန်းပြောင်းလဲခြင်း မရှိဘဲ ရန်ကုန်မှ ဥက္ကံအထိ တစ်ဦးလျှင် ကျပ် ၆၀ဝ ဖြစ်ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။

 

အဆိုပါ ရထားမှာ Covid-19 ရောဂါမဖြစ်ပွားမီက အစုန်/အဆန်ခရီးသည် တစ်ရက်လျှင် ပျမ်းမျှ ၁၀ဝ၀ ခန့် စီးနင်းလိုက်ပါခဲ့သော ရထားဖြစ်ကြောင်း၊ ရန်ကုန်-ဥက္ကံ ရထားပြေးဆွဲခြင်းကြောင့် (ခ-၃/၄) လက်ယာရစ် မြို့ပတ်ရထားနှင့် (ထ/၂) ရန်ကုန်-အင်းစိန်ရထားတို့ အချိန်အနည်းငယ် ပြင်ဆင်ပြောင်းလဲထားပြီး အချိန်စာရင်းအသေးစိတ်ကို သက်ဆိုင်ရာ ဘူတာများတွင် ကြေညာပေးထားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားက အသိပေးကြေညာထားသည်။

 

ငြိမ်းငြိမ်း

ဓာတ်ပုံ - Zaw Lwin

 

mdn